အင်္ဂုတ္တရနိကာယ်

(၇) ၂-သညာဝဂ်

၉-နိဗ္ဗိဒါသုတ်

၆၉။ ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းခြင်းငှါ ချုပ်ခြင်းငှါ (ကိလေသာ) ငြိမ်းခြင်းငှါ ထူးသောဉာဏ်ဖြင့်သိခြင်းငှါ သစ္စာလေးပါးတရားကို သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ခန္ဓာကိုယ်၌ မတင့်တယ်ဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

မျိုအပ်သောအစာ ‘အာဟာရ’၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိ၏။

လောကအားလုံး၌ မွေ့လျော်ဖွယ်မရှိဟု အမှတ်ရှိ၏။

အလုံးစုံသော သင်္ခါရတရားတို့၌ မမြဲဟု ရှုလေ့ရှိ၏။

သေခြင်း၌ ဖြစ်သော အမှတ် ‘မရဏသညာ’သည် ထိုရဟန်း၏ အတွင်းသန္တာန်၌ ကောင်းစွာ တည်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် စင်စစ့်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းခြင်းငှါ ချုပ်ခြင်းငှါ (ကိလေသာ) ငြိမ်းခြင်းငှါ ထူးသော ဉာဏ်ဖြင့်သိခြင်းငှါ သစ္စာ လေးပါးကို သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။