အင်္ဂုတ္တရနိကာယ်

၁ဝ-အာနိသံသဝဂ်

၇-အနဝတ္ထိတသုတ်

၁ဝ၂။ ရဟန်းတို့ အကျိုးခြောက်မျိုးတို့ကို ကောင်းစွာ မြင်သောရဟန်းသည် အလုံးစုံသော သင်္ခါရတို့၌ (ဤမျှသော သင်္ခါရတို့ကား အမြဲမရှိကုန်၊ ထိုမှ ကြွင်းသော သင်္ခါရတို့ကား အမြဲရှိကုန်၏ဟု) အပိုင်းအခြားကို မပြုမူ၍ အနိစ္စသညာကို ဖြစ်စေရန် သင့်သည်သာတည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

အလုံးစုံသော သင်္ခါရတို့သည် အပိုင်းအခြားမရှိဟူ၍ ငါ့အား ထင်ကုန်လိမ့်မည်။

အလုံးစုံသော လောက၌လည်း ငါ၏ စိတ်သည် မွေ့လျော်လိမ့်မည် မဟုတ်။

အလုံးစုံသော လောကမှလည်း ငါ၏ စိတ်သည် ထမြောက်လိမ့်မည်။

ငါ၏ စိတ်သည် နိဗ္ဗာန်သို့ ညွတ်လိမ့်မည်။

ငါ့အား နှောင်ကြိုး ‘သံယောဇဉ်’ တို့သည်လည်း ပယ်ခြင်းသို့ ရောက်ကုန်လိမ့်မည်။

ငါသည် လွန်မြတ်သော (အရိယာမဂ်တည်းဟူသော) ရဟန်းအဖြစ်နှင့် ပြည့်စုံရပေလိမ့်မည်။

ရဟန်းတို့ ဤအကျိုးခြောက်မျိုးတို့ကို ကောင်းစွာ မြင်သော ရဟန်းသည် အလုံးစုံသော သင်္ခါရတို့၌ အပိုင်းအခြားကို မပြုမူ၍ အနိစ္စသညာကို ဖြစ်စေရန် သင့်သည်သာတည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။