အင်္ဂုတ္တရနိကာယ်
၁၁-တိကဝဂ်
၃-ဝိတက္ကသုတ်
၁ဝ၉။ ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။
အဘယ်သုံးမျိုးတို့နည်းဟူမူ—
ကာမဂုဏ်ကို ကြံစည်မှု ‘ကာမဝိတက်’၊ ပျက်စီးစေရန် ကြံစည်မှု ‘ဗျာပါဒဝိတက်’၊ ညှဉ်းဆဲရန် ကြံစည်မှု’ဝိဟိံ သဝိတက်’ တို့တည်း။
ရဟန်းတို့ တရားတို့သည် ဤသုံးမျိုးတို့တည်း။
ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် တရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏။
အဘယ်သုံးမျိုးတို့နည်းဟူမူ—
ကာမဂုဏ်ကို ကြံစည်မှု ‘ကာမဝိတက်’ ကို ပယ်ရန် ကာမဂုဏ်မှ ထွက်မြောက်ရန် ကြံစည်မှု ‘နေက္ခမ္မဝိတက်’ ကို ပွါးများအပ်၏။
ပျက်စီးစေရန် ကြံစည်မှု ‘ဗျာပါဒဝိတက်’ ကို ပယ်ရန် မပျက်စီးရန် ကြံစည်မှု ‘အဗျာပါဒဝိတက်’ ကိုပွါးများအပ်၏။
ညှဉ်းဆဲရန် ကြံစည်မှု ‘ဝိဟိံ သဝိတက်’ ကို ပယ်ရန် မညှဉ်းဆဲရန် ကြံစည်မှု ‘အဝိဟိံ သဝိတက်’ ကိုပွါးများ အပ်၏။
ရဟန်းတို့ ဤသုံးမျိုးသော တရားတို့ကို ပယ်ရန် ဤတရားသုံးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။