အင်္ဂုတ္တရနိကာယ်

၁၂-သာမညဝဂ်

၃-တပုဿသုတ်

၁၁၉။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော တပုဿသူကြွယ်သည် မြတ်စွာဘုရား၌ ဆုံးဖြတ်ခြင်းသို့ ရောက်၏၊ အမြိုက်နိဗ္ဗာန်ကို မြင်၏၊ အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြု၍ နေ၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ—

ဘုရား၌ သက်ဝင်ယုံကြည်မှု၊ တရား၌ သက်ဝင်ယုံကြည်မှု၊ သံဃာ၌ သက်ဝင်ယုံကြည်မှု၊ မြတ်သောသီလ၊ မြတ်သော ဉာဏ်အမြင်၊ မြတ်သော (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) တို့တည်း။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော တပုဿသူကြွယ်သည် မြတ်စွာဘုရား၌ ဆုံးဖြတ်ခြင်းသို့ ရောက်၏၊ အမြိုက်နိဗ္ဗာန်ကို မြင်၏၊ အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြု၍ နေ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။