အင်္ဂုတ္တရနိကာယ်
၂-သာရဏီယဝဂ်
၆-နကုလပိတုသုတ်
၁၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ ပေးရာဘေသကဠမည်သော တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ၌ နကုလပိတာသူကြွယ်သည်အနာရောဂါ ရှိ၏၊ ဆင်းရဲ၏၊ ပြင်းထန်စွာ မကျန်းမမာဖြစ်၏၊ ထိုအခါ နကုလမာတာသူကြွယ်မသည်နကုလပိတာသူကြွယ်အား—
သူကြွယ် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းသည်ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။
သူကြွယ် သင့်အား “နကုလမာတာသူကြွယ်မသည် ငါကွယ်လွန်သောအခါ သားငယ် သမီးငယ်တို့ကိုမွေးမြူရန် မစွမ်းနိုင်ရာ၊ အိမ်ထောင်မှုကို ကောင်းစွာ ထိန်းသိမ်းရန် မစွမ်းနိုင်ရာ”ဟု အကြံဖြစ်တန်ရာပါ၏။
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ၊ သူကြွယ် အကျွန်ုပ်သည် ဗိုင်းငင်ရန် (သိုးမွေးတို့ကို) ဖြေရှင်း သုတ်သင် အခင်းပြုရန် တတ်ကျွမ်းလိမ္မာပါ၏။
သူကြွယ် အကျွန်ုပ်သည် သင်ကွယ်လွန်သောအခါ သားငယ် သမီးငယ်တို့ကို မွေးမြူရန် အိမ်ထောင်မှုကို ကောင်းစွာ ထိန်းသိမ်းရန် စွမ်းနိုင်ပါ၏။
သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်းသည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။ (၁)
သူကြွယ် သင့်အား “နကုလမာတာသူကြွယ်မသည် ငါကွယ်လွန်သောအခါ အိမ်ထောင်တစ်ဆက်ပြုလိမ့်မည်”ဟု အကြံဖြစ်တန်ရာပါ၏။
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။
သူကြွယ် တစ်ဆယ့်ခြောက်နှစ်တို့ပတ်လုံး လူ၌ တည်သော မြတ်သောအကျင့် ‘ဂဟဋ္ဌက ဗြဟ္မစရိယသီလ’ ကို ကောင်းစွာ ကျင့်သုံးပြီးပါပြီ၊ ထိုအရာကို အသင်လည်း သိပါ၏၊ အကျွန်ုပ်လည်း သိပါ၏၊ သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်း သည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။ (၂)
သူကြွယ် သင့်အား “နကုလမာတာသူကြွယ်မသည် ငါကွယ်လွန်သောအခါ မြတ်စွာဘုရားအားဖူးမြော်လိုသူဖြစ်လိမ့်မည် မဟုတ်၊ ရဟန်းသံဃာအား ဖူးမြော်လိုသူ ဖြစ်လိမ့်မည်မဟုတ်”ဟု အကြံဖြစ်တန်ရာပါ၏။
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ၊ သူကြွယ် အကျွန်ုပ်သည် သင်ကွယ်လွန်သောအခါမြတ်စွာဘုရားအား သာ၍ ဖူးမြော်လိုသူ ဖြစ်ပါမည်၊ ရဟန်းသံဃာအား သာ၍ ဖူးမြော်လိုသူ ဖြစ်ပါမည်။
သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်းသည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။ (၃)
သူကြွယ် သင့်အား “နကုလမာတာသူကြွယ်မသည် ငါကွယ်လွန်သောအခါ သီလတို့၌ ဖြည့်ကျင့်ဆည်းပူးမှုပြုလိမ့်မည် မဟုတ်”ဟု အကြံဖြစ်တန်ရာပါ၏။
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။
သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော သီလတို့၌ ဖြည့်ကျင့်ဆည်းပူးကြသည့် အဝတ်ဖြူဝတ် လူဥပါသိကာမဟူသမျှတို့တွင် အကျွန်ုပ်သည် တစ်ဦးအပါအဝင်ဖြစ်ပါ၏၊ (ဤအရာ၌ ) ယုံမှားမှုတွေးတောမှုရှိသူ ဖြစ်ခဲ့လျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဤမြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာဖြစ်သည့် ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ မေးလျှောက်နိုင်ပါ၏။
သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်းသည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။ (၄)
သူကြွယ် သင့်အား “နကုလမာတာသူကြွယ်မသည် အတွင်းသန္တာန်၌ စိတ်၏ ငြိမ်းအေးမှု (သမာဓိကမ္မဋ္ဌာန်း) ကို ရရှိသူ မဟုတ်”ဟု အကြံဖြစ်တန်ရာပါ၏။
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။
သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော အတွင်းသန္တာန်၌ စိတ်၏ ငြိမ်းအေးမှု (သမာဓိကမ္မဋ္ဌာန်း) ကို ရရှိကြသည့် အဝတ်ဖြူဝတ် လူဥပါသိကာမဟူသမျှတို့တွင် အကျွန်ုပ်သည် တစ်ဦးအပါအဝင်ဖြစ်ပါ၏။ (ဤအရာ၌ ) ယုံမှားမှု တွေးတောမှု ရှိသူဖြစ်ခဲ့လျှင် ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဤမြတ်စွာဘုရားသည်ဘဂ္ဂတိုင်း သုသုမာရ ဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေး ရာဖြစ်သည့် ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ မေးလျှောက်နိုင်ပါ၏။
သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်းသည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။ (၅)
သူကြွယ် သင့်အား “နကုလမာတာသူကြွယ်မသည် ဤဓမ္မဝိနယ ‘သာသနာ’၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာကိုရသည် ဝိစိကိစ္ဆာကို လွန်မြောက်သည် သို့လော သို့လော တွေးတောမှု ကင်းရှင်းသည် ရဲရင့်ခြင်းသို့ ရောက်သည် မြတ်စွာဘုရားမှတစ်ပါး အားထားရာမရှိသည်ဖြစ်၍ မြတ်စွာဘုရားသာသနာတော်၌ နေသူမဟုတ်”ဟူ၍ အကြံဖြစ်တန်ရာပါ၏။
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။
သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ဓမ္မဝိနယ ‘သာသနာ’၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာကိုရသည် ဝိစိကိစ္ဆာကို လွန်မြောက်သည် သို့လော သို့လော တွေးတောမှု ကင်းရှင်းသည် ရဲရင့်ခြင်းသို့ ရောက်သည် မြတ်စွာဘုရားမှတစ်ပါး အားထားရာမရှိသည်ဖြစ်၍ ဘုရားသာသနာတော်၌ နေကြသည့် အဝတ်ဖြူဝတ် လူဥပါသိကာမဟူသမျှတို့တွင် အကျွန်ုပ်သည် တစ်ဦးအပါအဝင်ဖြစ်ပါ၏။ (ဤအရာ၌ ) ယုံမှားမှု တွေးတောမှုရှိသူဖြစ်ခဲ့လျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဤမြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာဖြစ်သည့် ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ မေးလျှောက်နိုင်ပါ၏။
သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်းသည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရားကဲ့ရဲ့တော်မူပါ၏ဟု (ပြောဆို၏)။ (၆)
ထိုအခါ နကုလပိတာသူကြွယ်အား နကုလမာတာသူကြွယ်မက ဤသွန်သင်မှုဖြင့် သွန်သင်အပ်သည်ရှိသော် ထိုအနာသည် ခဏချင်း ငြိမ်းအေးလေ၏၊ နကုလပိတာသူကြွယ်သည် ထိုအနာမှ ထမြောက်၏၊ နကုလပိတာသူကြွယ်အား ထိုအနာသည် ထိုသို့သော အခြင်းအရာအားဖြင့် ပယ်ဖျောက်အပ်ပြီးသည်သာလျှင် ဖြစ်၏။
ထို့နောက် အနာမှ ထမြောက်ပြိီးသည်ရှိသော် အနာပျောက်ကင်း၍ မကြာမြင့်မီပင်လျှင် တောင်ဝှေးကိုထောက်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသော နကုလပိတာသူကြွယ်အား မြတ်စွာဘုရားသည်—
သူကြွယ် သင့်အား နကုလမာတာသူကြွယ်မသည် အစဉ်စောင့်ရှောက်၏၊ အကျိုးစီးပွါးကို အလိုရှိ၏၊ သွန်သင်တတ်၏၊ ဆုံးမတတ်၏၊ သူကြွယ် သင့်အား အရတော်ပေစွ၊ သင်သည် လူ့အဖြစ်ကို ကောင်းစွာရအပ်ပေစွ။
သူကြွယ် ငါ၏ တပည့်ဖြစ်ကုန်သော သီလတို့၌ ဖြည့်ကျင့်ဆည်းပူးကြသည့် အဝတ်ဖြူဝတ်လူဥပါသိကာမဟူသမျှတို့တွင် နကုလမာတာသူကြွယ်မသည် တစ်ဦးအပါအဝင်ဖြစ်၏။
သူကြွယ် ငါ၏ တပည့်ဖြစ်ကုန်သော အတွင်းသန္တာန်၌ စိတ်၏ ငြိမ်းအေးခြင်း (သမာဓိကမ္မဋ္ဌာန်း) ကိုရရှိကြသည့် အဝတ်ဖြူဝတ် လူဥပါသိကာမဟူသမျှတို့တွင် နကုလမာတာသူကြွယ်မသည်တစ်ဦးအပါအဝင် ဖြစ်၏။
သူကြွယ် ငါ၏ တပည့်ဖြစ်ကုန်သော ဤဓမ္မဝိနယ ‘သာသနာ’၌ သက်ဝင်ရာ ထောက်တည်ရာသက်သာရာကိုရသည် ဝိစိကိစ္ဆာကို လွန်မြောက်သည် သို့လော သို့လော တွေးတောမှု ကင်းရှင်းသည်ရဲရင့်ခြင်းသို့ ရောက်သည် မြတ်စွာဘုရားမှတစ်ပါး အားထားရာမရှိသည် ဖြစ်၍ ဘုရားသာသနာ၌ နေကြသည့် အဝတ်ဖြူဝတ် လူဥပါသိကာမဟူသမျှတို့တွင် နကုလမာတာသူကြွယ်မသည် တစ်ဦးအပါအဝင်ဖြစ်၏။
သူကြွယ် သင့်အား နကုလမာတာသူကြွယ်မသည် အစဉ်စောင့်ရှောက်၏၊ အကျိုးစီးပွါးကို အလိုရှိ၏၊ သွန်သင်တတ်၏၊ ဆုံးမတတ်၏၊ သူကြွယ် သင့်အား အရတော်ပေစွ၊ သင်သည် လူ့အဖြစ်ကို ကောင်းစွာရအပ်ပေစွဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။