အင်္ဂုတ္တရနိကာယ်

၃-အနုတ္တရိယဝဂ်

၂-အပရိဟာနိယသုတ်

၂၂။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်းဖြစ်သော ဤတရားခြောက်မျိုးတို့ကို ဟောကြားအံ့၊ ထိုတရားကိုနာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့။

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း တရားခြောက်မျိုးတို့သည် အဘယ်တို့နည်းဟူမူ—

အမှုသစ်၌ မမွေ့လျော်ခြင်း။

စကားပြောမှု၌ မမွေ့လျော်ခြင်း။

အိပ်မှု၌ မမွေ့လျော်ခြင်း။

အပေါင်းအဖော်၌ မမွေ့လျော်ခြင်း။

ဆုံးမလွယ်သော စကားရှိသူဖြစ်ခြင်း။

မိတ်ဆွေကောင်း ရှိခြင်းတို့တည်း။

ရဟန်းတို့ ဤသည်ကား မဆုတ်ယုတ်ကြောင်း တရားခြောက်မျိုးတို့တည်း။

ရဟန်းတို့ လွန်လေပြီးသောအခါ၌ ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ခဲ့ကြသည့် ရဟန်းအားလုံး တို့သည်ဤတရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ခဲ့ကြကုန်။

ရဟန်းတို့ နောင်အခါ၌ ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြသည့် ရဟန်းအားလုံးတို့သည် ဤတရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြကုန်လတ္တံ့။

ရဟန်းတို့ ယခုအခါ၌ ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြသည့် ရဟန်းအားလုံးတို့သည် ဤတရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြကုန်ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။