အင်္ဂုတ္တရနိကာယ်

၅-ဓမ္မိကဝဂ်

၅-ပဌမ သန္ဒိဋ္ဌိကသုတ်

၄၇။ ထိုအခါ၌ မောဠိယသီဝကပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—

“အသျှင်ဘုရား တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်၏၊ တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်၏ဟူ၍ ဆိုအပ်ပါ၏။

အသျှင်ဘုရား အဘယ်မျှဖြင့် တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်ပါသနည်း၊ အခါမလင့်အကျိုးပေးတတ်ပါသနည်း၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်ပါသနည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်ခံစားထိုက်ပါသနည်း”ဟုလျှောက်၏။

သီဝက သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုသာလျှင် ပြန်၍ မေးဦးအံ့၊ သင် သဘောကျသည့်အတိုင်း ငါ့အမေးကို ဖြေကြားရာ၏။

သီဝက ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မိမိသန္တာန်၌ ထင်ရှားရှိသော လိုချင်မှု ‘လောဘ’ကိုလည်း “ငါ၏ သန္တာန်၌ လိုချင်မှု ‘လောဘ’ သည် ရှိ၏”ဟူ၍ သိ၏လော၊ မိမိသန္တာန်၌ ထင်ရှား့မရှိသော လိုချင်မှု ‘လောဘ’ ကိုလည်း “ငါ၏ သန္တာန်၌ လိုချင်မှု ‘လောဘ’ သည် ထင်ရှား မရှိ”ဟူ၍သိ၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိပါ၏။

သီဝက သင်သည် မိမိသန္တာန်၌ ထင်ရှားရှိသော လိုချင်မှု ‘လောဘ’ ကိုလည်း “ငါ၏ သန္တာန်၌ လိုချင်မှု ‘လောဘ’ သည် ထင်ရှားရှိ၏”ဟူ၍ သိ၏၊ မိမိသန္တာန်၌ ထင်ရှားမရှိသော ‘လောဘ’ ကိုလည်း”ငါ၏ သန္တာန်၌ လိုချင်မှု ‘လောဘ’ သည် ထင်ရှား မရှိ”ဟူ၍ သိ၏၊ သီဝက ဤသို့လည်း တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်ပေ၏။ပ။

သီဝက ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မိမိသန္တာန်၌ ထင်ရှားရှိသော အမျက်ထွက်မှု ‘ဒေါသ’ ကို။ပ။ မိမိသန္တာန်၌ ထင်ရှားရှိသော တွေဝေမှု ‘မောဟ’ ကို။ပ။ မိမိသန္တာန်၌ ထင်ရှားရှိသောလောဘနှင့်ယှဉ်သော တရားကို။ပ။ မိမိသန္တာန်၌ ထင်ရှားရှိသော ဒေါသနှင့်ယှဉ်သော တရားကို။ပ။ မိမိသန္တာန်၌ ထင်ရှားရှိသော မောဟနှင့်ယှဉ်သော တရားကို “ငါ၏ သန္တာန်၌ မောဟနှင့်ယှဉ်သော တရားသည် ထင်ရှားရှိ၏”ဟူ၍ သိ၏လော၊ မိမိသန္တာန်၌ ထင်ရှားမရှိသော မောဟနှင့်ယှဉ်သော တရားကိုမူလည်း “ငါ၏ သန္တာန်၌ မောဟနှင့် ယှဉ်သော တရားသည် ထင်ရှားမရှိ”ဟူ၍ သိ၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား သိပါ၏။

သီဝက သင်သည် မိမိသန္တာန်၌ ထင်ရှားရှိသော မောဟနှင့်ယှဉ်သော တရားကိုလည်း “ငါ၏ သန္တာန်၌ မောဟနှင့်ယှဉ်သော တရားသည် ထင်ရှားရှိ၏”ဟု သိ၏။

မိမိသန္တာန်၌ ထင်ရှားမရှိသော မောဟနှင့်ယှဉ်သော တရားကိုမူလည်း “ငါ၏ သန္တာန်၌ မောဟနှင့်ယှဉ်သော တရားသည် ထင်ရှားမရှိ”ဟု သိ၏။

သီဝက ဤသို့လည်း တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်၏၊ အခါမလင့် အကျိုးကို ပေးတတ်၏၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်ခံစားထိုက်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ မြတ်စွာဘုရားသည် ယနေ့မှစ၍ အကျွန်ုပ်ကို အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သူ ‘ဥပါသကာ’ဟု မှတ်တော်မူပါဟု (လျှောက်၏)။

ပဉ္စမသုတ်။