အင်္ဂုတ္တရနိကာယ်
၅-ဓမ္မိကဝဂ်
၆-ဒုတိယ သန္ဒိဋ္ဌိကသုတ်
၄၈။ ထိုအခါ၌ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—
“အသျှင်ဂေါတမ တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်၏၊ တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်၏ဟူ၍ ဆိုအပ်၏၊ အသျှင်ဂေါတမ အဘယ်မျှဖြင့် တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်ပါသနည်း၊ အခါမလင့် အကျိုးပေးတတ်ပါသနည်း၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်ပါသနည်း၊ မိမိ၏ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်ခံစားထိုက်ပါသနည်း”ဟု လျှောက်ထား၏။
ပုဏ္ဏား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုသာလျှင် ပြန်၍ မေးဦးအံ့၊ သင် သဘောကျသည့်အတိုင်း ငါ့အမေးကို ဖြေကြားရာ၏။
ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မိမိသန္တာန်၌ ထင်ရှားရှိသော စွဲမက်မှုရာဂ ကိုလည်း”ငါ၏ သန္တာန်၌ ရာဂသည် ရှိ၏”ဟူ၍ သိ၏လော၊ မိမိသန္တာန်၌ ထင်ရှားမရှိသော ရာဂကိုလည်း”ငါ၏ သန္တာန်၌ ရာဂသည် ထင်ရှားမရှိ”ဟူ၍ သိ၏လောဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ သိပါ၏။
ပုဏ္ဏား သင်သည် မိမိသန္တာန်၌ ထင်ရှားရှိသော ရာဂကိုလည်း “ငါ၏ သန္တာန်၌ ရာဂသည်ထင်ရှားရှိ၏”ဟူ၍ သိ၏၊ မိမိသန္တာန်၌ ထင်ရှားမရှိသော ရာဂကိုလည်း “ငါ၏ သန္တာန်၌ ရာဂသည်ထင်ရှားမရှိ”ဟူ၍ သိ၏။ ပုဏ္ဏား ဤသို့လည်း တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်၏။ပ။
ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ မိမိသန္တာန်၌ ထင်ရှားရှိသော အမျက်ထွက်မှု ‘ဒေါသ’ကိုလည်း။ပ။ မိမိသန္တာန်၌ ထင်ရှားရှိသော တွေဝေမှု ‘မောဟ’ ကိုလည်း။ပ။ မိမိသန္တာန်၌ ထင်ရှားရှိသော ကိုယ်၏ ပြစ်မှားမှုကိုလည်း။ပ။ မိမိသန္တာန်၌ ထင်ရှားရှိသော နှုတ်၏ ပြစ်မှားမှုကိုလည်း။ပ။ မိမိသန္တာန်၌ ထင်ရှားရှိသော စိတ်၏ ပြစ်မှားမှုကိုလည်း “ငါ၏ သန္တာန်၌ စိတ်၏ ပြစ်မှားမှုသည်ရှိ၏”ဟု သိ၏လော၊ မိမိသန္တာန်၌ ထင်ရှားမရှိသော စိတ်၏ ပြစ်မှားမှုကိုလည်း “ငါ၏ သန္တာန်၌ စိတ်၏ပြစ်မှားမှုသည် ထင်ရှားမရှိ”ဟု သိ၏လောဟု (မေးတော်မူ၏)။
အသျှင်ဂေါတမ သိပါ၏။
ပုဏ္ဏား သင်သည် မိမိသန္တာန်၌ ထင်ရှားရှိသော စိတ်၏ ပြစ်မှားမှုကိုလည်း “ငါ၏ သန္တာန်၌ စိတ်၏ပြစ်မှားမှုသည် ထင်ရှားရှိ၏”ဟု သိ၏၊ မိမိသန္တာန်၌ ထင်ရှားမရှိသော စိတ်၏ ပြစ်မှားမှုကိုလည်း “ငါ၏သန္တာန်၌ စိတ်၏ ပြစ်မှားမှုသည် ထင်ရှားမရှိ”ဟု သိ၏၊ ပုဏ္ဏား ဤသို့လည်း တရားတော်သည်ကိုယ်တိုင် သိမြင်ထိုက်၏၊ အခါမလင့် အကျိုးကို ပေးတတ်၏၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ် ပြထိုက်၏၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်ခံစားထိုက်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် ယနေ့မှစ၍ အကျွန်ုပ်ကို အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သူ ‘ဥပါသကာ’ဟု မှတ်တော်မူပါဟု (လျှောက်၏)။
ဆဋ္ဌသုတ်။