အင်္ဂုတ္တရနိကာယ်

၇-ဒေဝတာဝဂ်

၆-သမာဓိသုတ်

၇ဝ။ ရဟန်းတို့ (ကိလေသာတို့မှ) မငြိမ်းအေးသော မမြတ်သော ငြိမ်းချမ်းမှုကို မရသော မြတ် သောတည်ကြည်မှုသို့ မကပ်ရောက်သော သမာဓိဖြင့် ထိုရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်ခြင်း ကိုပြီးစေနိုင်လိမ့်မည်၊ တစ်ယောက်တည်းဖြစ်လျက်လည်း အများဖြစ်လိမ့်မည်၊ အများဖြစ်လျက်လည်းတစ်ယောက်တည်း ဖြစ်လိမ့်မည်။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို စိတ်အလိုအတိုင်း ဖြစ်စေလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် စင်စစ် မရှိနိုင်ချေ။

အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့်တူသော ‘ဒိဗ္ဗသောတ’နားဖြင့် နတ်၌လည်းကောင်း၊ လူ၌လည်းကောင်း၊ ဖြစ်ကုန်သော အဝေး၌လည်းကောင်း၊ အနီး၌လည်းကောင်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ချေ။

တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိနိုင်လိမ့်မည်— စွဲမက်မှု’ရာဂ’ နှင့် တကွဖြစ်သော စိတ်ကိုမူလည်း “စွဲမက်မှု ‘ရာဂ’ နှင့် တကွဖြစ်သော စိတ်”ဟူ၍ သိနိုင်လိမ့်မည်။ပ။ လွတ်မြောက်သော စိတ်ကိုမူလည်း “လွတ်မြောက်သောစိတ်”ဟူ၍ သိနိုင်လိမ့်မည်ဟူသောဤ အကြောင်းမျိုးသည် မရှိနိုင်ချေ။

များပြားသော ရှေး၌ ဖြစ်ဖူးသည်ကို အောက်မေ့နိုင်လိမ့်မည်၊ ဤသည်ကား အဘယ်နည်း၊ တစ်ခုသောဘဝကိုလည်းကောင်း၊ နှစ်ခုဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်) နှင့် တကွညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌ ဖြစ်ဖူးသည်ကို အောက်မေ့နိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ချေ။

အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’မျက်စိဖြင့် သတ္တဝါတို့ကို မြင်နိုင်လိမ့်မည်။ပ။ ကံအလျောက်ဖြစ်ကုန်သော သတ္တဝါတို့ကို သိနိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ချေ။

အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုလျက် ရောက်၍နေလိမ့်မည်ဟူသော ဤ အကြောင်းမျိုးသည် မရှိနိုင်ချေ။

ရဟန်းတို့ (ကိလေသာတို့မှ) ငြိမ်းအေးသော မြတ်သော ငြိမ်းချမ်းမှုကိုရသော မြတ်သောတည်ကြည်မှုသို့ ကပ်ရောက်သော သမာဓိဖြင့် ထိုရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်ခြင်းကိုပြီးစေနိုင်လိမ့်မည်။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို စိတ်အလိုအတိုင်း ဖြစ်စေနိုင်လိမ့်မည်ဟူသောဤအကြောင်းမျိုးသည် စင်စစ်ရှိနိုင်၏။

အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏ နားနှင့်တူသော နား’ဒိဗ္ဗသောတ’ ဖြင့် နတ်၌လည်းကောင်း၊ လူ၌လည်းကောင်း၊ ဖြစ်ကုန်သော အဝေး၌လည်းကောင်း၊ အနီး၌လည်းကောင်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

တစ်ပါးသောသတ္တဝါ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိနိုင်လိမ့်မည်—စွဲမက်မှု’ရာဂ’ နှင့် တကွဖြစ်သော စိတ်ကိုမူလည်း “စွဲမက်မှု ‘ရာဂ’ နှင့် တကွဖြစ်သော စိတ်”ဟူ၍ သိလိမ့်မည်။ပ။ လွတ်မြောက်သော စိတ်ကိုမူလည်း “လွတ်မြောက်သောစိတ်”ဟူ၍ သိလိမ့်မည်ဟူသောဤအကြောင်းမျိုးသည် ရှိနိုင်၏။

များပြားသော ရှေး၌ ဖြစ်ဖူးသည်ကို အောက်မေ့နိုင်လိမ့်မည်။

ဤသည်ကား အဘယ်နည်း။

တစ်ခုသော ဘဝကိုလည်းကောင်း၊ နှစ်ခုသောဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်) နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌ ဖြစ်ဖူးသည်ကိုအောက်မေ့နိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ’ဒိဗ္ဗစက္ခု’ဖြင့် စုတေကုန်သော ပဋိသန္ဓေနေကုန်သော ယုတ်ကုန် မြတ်ကုန်သော အဆင်းလှကုန်အဆင်းမလှကုန်သော ကောင်းသောလားရာ မကောင်းသောလားရာရှိကုန်သော သတ္တဝါတို့ကို မြင်နိုင်လိမ့်မည်၊ ကံအလျောက်ဖြစ်ကုန်သော သတ္တဝါတို့ကို သိနိုင်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

အာသဝေါတရားတို့၏ကုန်ခန်းခြင်းကြောင့် အာသဝေါတရားမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုလျက် ရောက်၍ နေလိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။