အင်္ဂုတ္တရနိကာယ်
၂-အနုသယဝဂ်
၁ဝ-နိဒ္ဒသဝတ္ထုသုတ်
၂ဝ။ ရဟန်းတို့ နိဒ္ဒသဝတ္ထုတို့သည် ဤခုနစ်မျိုးတို့တည်း။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်—
သိက္ခာသုံးပါးကို ဆောက်တည်မှု၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ သိက္ခာသုံးပါးကိုဆောက်တည်ခြင်း၌လည်း မကင်းသော မြတ်နိုးခြင်းရှိ၏။
(အနိစ္စစသော အခြင်းအရာအားဖြင့်) တေဘူမကတရားတို့ကို စုံစမ်းရာ၌ ထက်သန်သော ပြုလိုမှု ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ (အနိစ္စစသော အခြင်းအရာအားဖြင့်) တေဘူမကတရားတို့ကို စုံစမ်းရာ၌လည်းမကင်းသော မြတ်နိုးခြင်းရှိ၏။
တဏှာကို ဖျက်ဆီးမှု၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ တဏှာကို ဖျက်ဆီးခြင်း၌လည်းမကင်းသော မြတ်နိုးခြင်းရှိ၏။
တစ်ယောက်တည်း ကိန်းအောင်းမှု၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ တစ်ယောက်တည်းကိန်းအောင်းမှု၌ မကင်းသော မြတ်နိုးခြင်းရှိ၏။
ဝီရိယကို အားထုတ်ရာ၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ ဝီရိယကို အားထုတ်ရာ၌လည်းမကင်းသော မြတ်နိုးခြင်း ရှိ၏။
အောက်မေ့မှု ‘သတိ’ ရင့်ကျက်မှု ‘ပညာ’၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ အောက်မေ့မှုသတိရင့်ကျက်မှု ပညာ၌လည်း မကင်းသော မြတ်နိုးခြင်းရှိ၏။
သမ္မာဒိဋ္ဌိကို ထိုးထွင်း၍ သိရာ၌ ထက်သန်သော အလို ‘ဆန္ဒ’ ရှိ၏၊ နောင်အခါ သမ္မာဒိဋ္ဌိကို ထိုးထွင်း၍သိရာ၌လည်း မကင်းသော မြတ်နိုးခြင်းရှိ၏။
ရဟန်းတို့ နိဒ္ဒသဝတ္ထုတို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
နှစ်ခုမြောက် အနုသယဝဂ် ပြီး၏။