အင်္ဂုတ္တရနိကာယ်
၁၁-ရာဂပေယျာလ
၁၁၇။ ရဟန်းတို့ ရာဂကို အထူးသိရန် တရားရှစ်မျိုးတို့ကို ပွါးများကြရမည်။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — မှန်ကန်စွာ သိမြင်မှု ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်စွာ ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်စွာ ပြောဆိုမှု ‘သမ္မာဝါစာ’၊ မှန်ကန်စွာ ပြုလုပ်မှု ‘သမ္မာကမ္မန္တ’၊ မှန်ကန်စွာ အသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်ကန်စွာ အားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်ကန်စွာ အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်ကန်စွာ တည်ကြည်မှု ‘သမ္မာ သမာဓိ’တို့တည်း။ ရဟန်းတို့ ရာဂကို အထူးသိရန် ဤတရားရှစ်မျိုးတို့ကို ပွါးများကြရမည်။ (၁)
၁၁၈။ ရဟန်းတို့ ရာဂကို အထူးသိရန် တရားရှစ်မျိုးတို့ကို ပွါးများကြရမည်။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — အတွင်းသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသောအဆင်း မကောင်းသောအဆင်း ရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို (ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ် ‘သညာ’ ရှိ၏။ အတွင်းသန္တာန်၌ အဆင်းရုပ်ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသောအဆင်း မကောင်းသောအဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို (ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ် ‘သညာ’ ရှိ၏။ အတွင်းသန္တာန်၌ အဆင်း ရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသောအဆင်း မကောင်းသောအဆင်းရှိသော ငယ်ကုန်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို (ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ် ‘သညာ’ ရှိ၏။ အတွင်းသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသောအဆင်း မကောင်းသောအဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို (ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့ အမှတ် ‘သညာ’ ရှိ၏။ အတွင်းသန္တာန်၌ အဆင်းရုပ်ကို မရှုမှတ်မူ၍ အပ သန္တာန်၌ ညိုကုန်သော ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏။ပ။ ဝါရွှေကုန်သော ဝါရွှေသော အဆင်းရှိကုန်သော။ပ။ နီကုန်သော နီသောအဆင်း ရှိကုန်သော။ပ။ ဖြူကုန်သော ဖြူသော အဆင်းရှိကုန်သော။ပ။ ဖြူသော အရောင်ရှိသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို (ရုပ်)တို့ကို လွှမ်းမိုး၍ “(ငါ) သိ၏၊ (ငါ) မြင်၏”ဟု ဤသို့အမှတ် ‘သညာ’ ရှိ၏။ ရဟန်းတို့ ရာဂ ကို အထူးသိရန် ဤတရားရှစ်မျိုးတို့ကို ပွါးများကြရမည်။ (၂)
၁၁၉။ ရဟန်းတို့ ရာဂကို အထူးသိရန် တရားရှစ်မျိုးတို့ကို ပွါးများကြရမည်။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — (အတွင်းသန္တာန်၌) (ကသိုဏ်း) ရုပ်ရှိသည်ဖြစ်၍ (အပသန္တာန်၌လည်း) (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ အတွင်းသန္တာန်၌ (ကသိုဏ်း) ရုပ်ကို မရှုမူ၍ အပသန္တာန်၌ (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ “တင့်တယ်၏”ဟူ၍ သာလျှင် နှလုံးသွင်း၏။ ရူပသညာတို့ကို လုံးဝ လွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝ နှလုံးမသွင်းမူ၍ “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏။ အာကာသာနဉ္စာယတန ဈာန်ကို လုံးဝ လွန်မြောက်၍ “ဝိညာဏ်သည် အဆုံး မရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတန (ဈာန်) သို့ ရောက်၍ နေ၏။ ဝိညာဏဉ္စာယတန ဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတန (ဈာန်) သို့ ရောက်၍ နေ၏။ အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ နေဝသညာနာသညာယတန (ဈာန်) သို့ ရောက်၍ နေ၏။ နေဝသညာနာသညာယတနဈာန် ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ ချုပ်ရာ (နိရောဓသမာပတ်) သို့ ရောက်၍ နေ၏။ ရဟန်းတို့ ရာဂကို အထူးသိရန် ဤတရားရှစ်မျိုးတို့ကို ပွါးများကြရမည်။ (၃)
၁၂ဝ—၁၄၆။ ရဟန်းတို့ ရာဂကို ပိုင်းခြား၍ သိရန်။ပ။ ထက်ဝန်းကျင် ကုန်ရန်။ ပယ်ရန်။ ကုန်ခန်းရန်။ ပျက်စီးရန်။ တပ်မက်မှုကင်းရန်။ ချုပ်ရန်။ စွန့်ရန်။ တစ်ဖန်စွန့်ရန်။ပ။ ဤတရား ရှစ်မျိုးတို့ကို ပွါးများကြရမည်။ (၄—၃ဝ)
၁၄၇—၆၂၆။ ပြစ်မှားမှု ‘ဒေါသ’ ကို။ပ။ တွေဝေမှု ‘မောဟ’ ကို။ အမျက်ထွက်မှု ‘ကောဓ’ ကို။ ရန်ငြိုးဖွဲ့မှု ‘ဥပနာဟ’ ကို။ ကျေးဇူးကို ချေဖျက်မှု ‘မက္ခ’ ကို။ အပြိုင်ပြုမှု ‘ပဠာသ’ ကို။ ငြူစူမှု ‘ဣဿာ’ ကို။ ဝန်တိုမှု ‘မစ္ဆရိယ’ ကို။ လှည့်ပတ်မှု ‘မာယာ’ ကို။ စဉ်းလဲမှု ‘သာဌေယျ’ ကို။ ခက်ထန်မှု ‘ထမ္ဘ’ ကို။ ခြုတ်ခြယ်မှု ‘သာရမ္ဘ’ ကို။ ထောင်လွှားမှု ‘မာန’ ကို။ အလွန်ထောင်လွှားမှု ‘အတိမာန’ ကို။ ယစ်မူးမှု ‘မဒ’ ကို။ မေ့လျော့မှု ‘ပမာဒ’ ကို ထူးသောဉာဏ်ဖြင့် သိရန်။ပ။ ပိုင်းခြား၍သိရန်။ ထက်ဝန်းကျင် ကုန်ရန်။ ပယ်ရန်။ ကုန်ခန်းရန်။ ပျက်စီးရန်။ ကင်းရန်။ ချုပ်ရန်။ စွန့်ရန်။ တစ်ဖန်စွန့်ရန်။ပ။ ဤတရား ရှစ်မျိုးတို့ကို ပွါးများကြရမည်ဟု (မိန့်တော်မူ၏)။ (၃၁— ၅၁ဝ)
ရာဂပေယျာလ ပြီး၏။
အဋ္ဌကနိပါတ် ပြီး၏။