အင်္ဂုတ္တရနိကာယ်
၄-ဒါနဝဂ်
၇-သပ္ပုရိသဒါနသုတ်
၃၇။ ရဟန်းတို့ သူတော်ကောင်းတို့၏ ပေးလှူခြင်း ‘သပ္ပုရိသဒါန’တို့သည် ဤရှစ်မျိုးတို့တည်း။
အဘယ်ရှစ်မျိုးတို့နည်းဟူမူ—သန့်ရှင်းစင်ကြယ်သော လှူဖွယ်ဝတ္ထုကို ပေးလှူ၏၊ မွန်မြတ်သော လှူဖွယ်ဝတ္ထုကို ပေးလှူ၏၊ သင့်လျော်လျောက်ပတ်သော အခါ၌ ပေးလှူ၏၊ အပ်သော လှူဖွယ်ဝတ္ထုကို ပေးလှူ၏၊ အလှူခံပုဂ္ဂိုလ် လှူဖွယ်ဝတ္ထုတို့ကို ရွေးချယ် စိစစ်၍ ပေးလှူ၏၊ မပြတ် ပေးလှူ၏၊ ပေးလှူသည်ရှိသော် စိတ်ကို ကြည်လင်စေ၏၊ ပေးလှူပြီးနောက် နှစ်သက်သော စိတ်ရှိ၏။ ရဟန်းတို့ သူတော်ကောင်းတို့၏ ပေးလှူခြင်း ‘သပ္ပုရိသဒါန’တို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
လယ်ယာမြေကောင်းသဖွယ်ဖြစ်ကုန်သော၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိကုန်သော ပုဂ္ဂိုလ်တို့၌ သန့်ရှင်းစင်ကြယ်သော၊ မွန်မြတ်သော၊ အပ်စပ်သော အဖျော် ဘောဇဉ်ဟူသော လှူဖွယ်ကို လျောက်ပတ်သော အခါ၌ မပြတ် ပေးလှူ၏။ များစွာသော အာမိသကို စွန့်လှူပြီး၍ နှလုံးမသာရှိသည် မဖြစ်ရာ၊ ဤသို့ လှူအပ်သော အလှူတို့ကို အထူးရှုမြင်နိုင်သူတို့သည် ချီးမွမ်းကုန်၏။ သဒ္ဓါတရားနှင့် ပြည့်စုံသော၊ ထက်မြက်သော ဉာဏ်ရှိသော ပညာရှိသည် လွတ်လွတ်စွန့်ကြဲသော စိတ်ဖြင့် ဤသို့ ပေးလှူပူဇော်၍ ဆင်းရဲမရှိရာ ချမ်းသာသော (လူ့ပြည် နတ်ပြည်) လောကသို့ ရောက်ရ၏။
သတ္တမသုတ်။