ဣတိဝုတ်ပါဠိတော်

၇-ဒုတိယသေခသုတ်

၁၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤမိတ်ဆွေကောင်းရှိမှုသည် အရဟတ္တဖိုလ်သို့ မရောက်သေးသော အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို တောင့်တလျက် နေသော သေက္ခရဟန်း၏ အပြင်ဗာဟိရဖြစ်သော အကြောင်းအင်္ဂါတည်းဟု နှလုံးပြု၍ ကျေးဇူးများသကဲ့သို့ ဤအတူ မိတ်ဆွေကောင်းရှိမှုမှတစ်ပါး အခြားကျေးဇူးများသောတရားတစ်ခုကိုမျှလည်း ငါဘုရား မြင်တော်မမူ၊ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အကုသိုလ်ကို ပယ်စွန့်၍ ကုသိုလ်ကို ပွါးစေနိုင်၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''မိတ်ဆွေကောင်းရှိသူ အကြင်ရဟန်းသည် တုပ်ဝပ်ခြင်း ရှိ၏။ ရိုသေခြင်း ရှိ၏။ မိတ်ဆွေကောင်းတို့၏စကားကို လိုက်နာပြုကျင့်၏။ ပညာအဆင်အခြင် ရှိ၏။ သတိ အမြဲပြု၏။ (ထိုရဟန်းသည် ) ဝိပဿနာအစဉ်အားဖြင့် သံယောဇဉ်အားလုံးတို့၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်နိုင်၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။