ဣတိဝုတ်ပါဠိတော်
၆-သုစရိတသုတ်
၆၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ သုစရိုက်တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း - ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်တို့တည်း။ ရဟန်းတို့ သုစရိုက်တို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''ပညာရှိသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ ရာဂစသော အပြစ်နှင့် စပ်ယှဉ်သော အခြားအမှုကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အကုသိုလ်ကံကို မပြုမူ၍ကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဆဋ္ဌသုတ်။