ဣတိဝုတ်ပါဠိတော်

၅-ဒုစ္စရိတသုတ်

၆၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဒုစရိုက်တို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း- ကာယဒုစရိုက်၊ ဝစီ ဒုစရိုက်၊ မနောဒုစရိုက်တို့တည်း။ ရဟန်းတို့ ဒုစရိုက်တို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ပညာမဲ့သူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ကို ပြုခြင်းကြောင့်လည်းကောင်း၊ ရာဂစသော အပြစ်နှင့် စပ်ယှဉ်သော အခြားသော အမှုကို ပြုခြင်းကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုဘဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ကပ်ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ ရပါသည်။

ပဉ္စမသုတ်။