ဣတိဝုတ်ပါဠိတော်

၄-အဒ္ဓါသုတ်

၆၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကာလတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- အတိတ်ကာလ၊ အနာဂတ်ကာလ၊ ပစ္စုပ္ပန်ကာလတို့တည်း။ ရဟန်းတို့ ကာလတို့သည် ဤသုံးပါးတို့တည်း။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ခန္ဓာငါးပါး၌ ငါ သူတစ်ပါးဟု အမှတ်ရှိကုန်သော သတ္တဝါတို့သည် ခန္ဓာငါးပါး၌ တည်ကုန်လျက်ခန္ဓာငါးပါးကို ပိုင်းခြား၍ မသိသောကြောင့် သေမင်းနှင့် စပ်ယှဉ်ခြင်းသို့ ရောက်ကုန်၏။

(ရဟန္တာပုဂ္ဂိုလ်သည် ) ခန္ဓာငါးပါးကို ပိုင်းခြားသိသောကြောင့် ခန္ဓာငါးပါးကို ငါ သူတစ်ပါးဟု မအောက်မေ့၊ ကိလေသာမှ လွတ်သည်ဖြစ်၍ အတုမရှိမြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်ကို စိတ်ဖြင့်တွေ့ထိသိမြင်၏။

ခန္ဓာငါးပါးကို ပိုင်းခြား၍ သိခြင်းနှင့် ပြည့်စုံလျက် သူတော်ကောင်းဖြစ်၍ ငြိမ်း အေးရာ နိဗ္ဗာန်၌ မွေ့လျော်ကာ ဆင်ခြင်၍မှီဝဲလေ့ရှိသောတရား၌ တည်သူ ထို ရဟန္တာပုဂ္ဂိုလ်သည် သတ္တဝါဟူသော ရေတွက်ခြင်းသို့ မရောက်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။