ဣတိဝုတ်ပါဠိတော်

၃-ဣန္ဒြိယသုတ်

၆၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဣန္ဒြေတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-သောတာပတ္တိမဂ်ဉာဏ်ဟူသော အနညာတညဿာမီတိန္ဒြေ၊ အထက်မဂ်သုံးပါးနှင့် အောက်ဖိုလ်သုံးပါးဟူသော အညိန္ဒြေ၊ အရဟတ္တ ဖိုလ်ဟူသော အညာတာဝိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤသုံးပါးတို့တည်း။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ဖြောင့်မှန်သော လမ်းသို့ အစဉ်လိုက်သော ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်အား ကိလေသာကုန်ရာ နိဗ္ဗာန်၌ ပဌမအနညာတညဿာမီတိန္ဒြေဉာဏ် ဖြစ်၏။ ထိုဉာဏ်မှ အခြားမဲ့၌ အထက်မဂ်သုံးပါးနှင့်အောက်ဖိုလ်သုံးပါးဟူသော အညိန္ဒြေ ဖြစ်၏။

ထိုအရဟတ္တမဂ်၏ အခြားမဲ့၌ အရဟတ္တဖိုလ်ဟူသော အညာတာဝိန္ဒြေ ဖြစ်၏။ ကိလေသာမှလွတ်ပြီးသောတာဒိဂုဏ်ရှင် ရဟန္တာပုဂ္ဂိုလ်အား ဘဝသံယောဇဉ်ကုန်ခန်းခြင်းကြောင့် ငါ၏အရဟတ္တဖိုလ်သည် မပျက်စီးဟု ပစ္စဝေက္ခဏာဉာဏ်သည် မုချဖြစ်၏။

စင်စစ် ဣန္ဒြေနှင့် ပြည့်စုံ၍ ငြိမ်းအေးလျက် ငြိမ်းအေးရာ နိဗ္ဗာန်၌ မွေ့လျော်သော ထိုပုဂ္ဂိုလ်သည် စစ်သည်နှင့်တကွ မာရ်ကို အောင်လျက် အဆုံးစွန်သော ကိုယ်အတ္တဘောကို ဆောင်၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။