ဣတိဝုတ်ပါဠိတော်
၂-စက္ခုသုတ်
၆၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ စက္ခုတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-မံသစက္ခု၊ ဒိဗ္ဗစက္ခု၊ ပညာစက္ခုတို့တည်း။ ရဟန်းတို့ စက္ခုတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''မံသစက္ခု ဒိဗ္ဗစက္ခုနှင့် အတုမရှိသော ပညာစက္ခုဟူကုန်သော စက္ခုသုံးပါးတို့ကို ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။
မံသစက္ခု၏ ဖြစ်ခြင်းသည် ဒိဗ္ဗစက္ခု၏ အကြောင်းတည်း။ အကြင်အခါ အတု မရှိသော ပညာစက္ခုဟူသော အာသဝက္ခယဉာဏ်သည် ထင်ရှားဖြစ်၏။ ထိုအခါ ယင်းပညာစက္ခုဟူသော အာသဝက္ခယဉာဏ်ကို ရခြင်းကြောင့် ဆင်းရဲအားလုံးမှ ကင်းလွတ်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ဒုတိယသုတ်။