ဣတိဝုတ်ပါဠိတော်
၁-ပုညကိရိယဝတ္ထုသုတ်
၆ဝ။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ပုညကိရိယဝတ္ထုတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- ပေးကမ်းမှု 'ဒါန'ဟူသော ပုညကိရိယဝတ္ထု၊ ကျင့်သုံးမှု 'သီလ'ဟူသော ပုညကိရိယဝတ္ထု၊ ပွါးများမှု 'ဘာဝနာ'ဟူသော ပုညကိရိယဝတ္ထုတို့တည်း။ ရဟန်းတို့ ပုညကိရိယဝတ္ထုတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''ထိုသူသည် ကုသိုလ်ကောင်းမှုကိုသာလျှင် ကျင့်ရာ၏။ နောင်အခါ၌ မြင့်မြတ်၍ ချမ်းသာကျိုးရှိသော ဒါနကိုလည်းကောင်း၊ ကောင်းသောအကျင့်ကိုလည်းကောင်း၊ မေတ္တာစိတ်ကိုလည်းကောင်း ပွါးများရာ၏။
ပညာရှိသူသည် သုခလျှင် အာနိသင်ရှိကုန်သော ဤတရားသုံးပါးတို့ကို ပွါးများ၍ ဆင်းရဲကင်းသော ချမ်းသာသော လောကသို့ ကပ်ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ပဌမသုတ်။