သံယုတ္တနိကာယ်—၁၁
၂—ဒုတိယဝဂ်
၇—ဗုဒ္ဓဝန္ဒနာသုတ်
၂၆၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် နေ့သန့်စင်ရာ အရပ်သို့ ကပ်သည် ဖြစ်၍ တစ်ပါးတည်း ကိန်းအောင်းတော်မူ၏၊ ထိုအခါ၌ နတ်တို့အရှင် သိကြားမင်းသည်လည်းကောင်း၊ သဟမ္ပတိ့ဗြဟ္မာသည်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ အသီးသီး တံခါးပေါင်ကို မှီလျက် ရပ်တည် ကုန်၏၊ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏—
“လုံ့လရှိတော်မူသော မြတ်စွာဘုရား ထတော်မူပါလော့။ အောင်အပ်ပြီးသော မာရ်စစ်သည်ရှိတော်မူသော, ချအပ်သော ခန္ဓာဝန်ရှိတော်မူသော, ကိလေသာကြွေးမြီ ကင်းတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။ ‘တစ်ဆယ့် ငါးရက် လပြည့်နေ့ ညဉ့်အခါ၌ လပြည့်ဝန်းကဲ့သို့’ အသျှင်ဘုရား၏ စိတ်သည်ကား (ရာဂစသော အညစ်အကြေးမှ) ကောင်းစွာ ကင်းလွတ်တော်မူပါ၏”ဟု ရွတ်ဆို၏။
သိကြားမင်း မြတ်စွာဘုရားတို့ကို ဤသို့ ရှိမခိုးအပ်ကုန်၊ သိကြားမင်း မြတ်စွာဘုရားတို့ကို ဤသို့ သာလျှင် ရှိခိုးအပ်ကုန်၏။
“လုံ့လရှိတော်မူသော, အောင်အပ်ပြီးသော မာရ်စစ်သည်ရှိတော်မူသော, ယာဉ်မှူး သဖွယ်ဖြစ်တော်မူသော, ကိလေသာကြွေးမြီ ကင်းတော်မူသော မြတ်စွာဘုရား ထ တော်မူပါလော့၊ လောက၌ လှည့်လည်တော်မူပါလော၊ မြတ်စွာဘုရား (ရှင်တော် ဘုရားသည်) တရားကို ဟောတော်မူပါလော့။ သိလွယ်သော သတ္တဝါတို့သည် ရှိပါ ကုန်လတ္တံ့”ဟု ရှိခိုးအပ်ကုန်၏ဟု သဟမ္ပတိဗြဟ္မာ (ရွတ်ဆို၏)။