သံယုတ္တနိကာယ်—၁၂

၁—သမဏဗြာဟ္မဏဝဂ်

၂—ပေါက္ခရဏီသုတ်

၇၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဥပမာသော်ကား အလျားယူဇနာ ငါးဆယ် အနံယူဇနာငါးဆယ် အစောက်ယူဇနာငါးဆယ်ရှိသော ရေကန်သည် ရေဖြင့် ပြည့်၏၊ ကမ်းနှင့်အမျှ ဖြစ်၏၊ ကျီးသောက်နိုင်လောက်၏၊ ယောကျာ်းသည် ထိုရေကန်မှ ရေကို သမန်းမြက်ဖျားဖြင့် ထုတ်ယူ ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ သမန်းမြက်ဖျားဖြင့် ထုတ်ယူအပ်သော ရေနှင့် ရေကန်တွင်း၌ ရှိသော ရေသည် အဘယ်က ပို၍ များသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရေကန်တွင်း၌ ရှိသော ရေသည်သာလျှင် များလှပါ၏၊ သမန်းမြက်ဖျားဖြင့် ထုတ်ယူ အပ်သော ရေသည် နည်းလှပါ၏၊ သမန်းမြက်ဖျားဖြင့် ထုတ်ယူအပ်သော ရေသည် ရေကန်၌ ရှိသော ရေကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ် ကိုမျှ မမီနိုင်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါ။

ရဟန်းတို့ ဤအတူသာလျှင် အရိယာတပည့်ဖြစ်သော ဉာဏ်အမြင်နှင့် ပြည့်စုံသော (သစ္စာလေးပါး တရားကို) ထိုးထွင်း၍ သိပြီးသော ပုဂ္ဂိုလ်အား ပြီးဆုံးပြီးသော ဆင်းရဲဒုက္ခသည်သာလျှင် အလွန်များ၏၊ ကြွင်းကျန်သော ဆင်းရဲဒုက္ခသည် အနည်းငယ်မျှသာတည်း။ ခုနစ်ဘဝအတိုင်းအရှည်ရှိသော ဆင်းရဲအစု သည် ရှေး၌ ကုန်ဆုံးပြီးသော ဆင်းရဲအစုကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီ နိုင်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်။ ရဟန်းတို့ (သစ္စာလေးပါးတရားကို) သိခြင်းသည် ဤသို့ အကျိုးကြီးလှ၏၊ (တရားမျက်စိ) သောတာပတ္တိ မဂ်ဉာဏ် ဓမ္မစက္ခုကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု (ဟောတော်မူ၏)။

ဒုတိယသုတ်။