သံယုတ္တနိကာယ်—၁၂

၁—သမဏဗြာဟ္မဏဝဂ်

၃—သံဘေဇ္ဇဥဒကသုတ်

၇၆။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဥပမာသော်ကား ဂင်္ဂါ၊ ယမုနာ၊ အစိရဝတီ၊ သရဘူ၊ မဟီဟူသော မြစ်ကြီးတို့သည် အကြင်အရပ်၌ အတူတကွ ပေါင်းဆုံစီးဆင်းကြကုန်၏။ ယောကျာ်းသည် ထိုမြစ်ကြီးငါးသွယ်တို့ ပေါင်းဆုံစီးဆင်းရာအရပ်မှ ရေနှစ်စက်သုံးစက်တို့ကို ထုတ်ယူရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထုတ်ယူအပ်သော ရေနှစ်စက်သုံးစက်နှင့် မကွဲမပျက် (ရောနှောနေ) သော ရေသည် အဘယ်က ပို၍ များသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မကွဲမပျက် (ရောနှောနေ) သော ရေသည်သာလျှင် များလှပါ၏၊ ထုတ်ယူအပ်သော ရေ နှစ်စက်သုံးစက်သည်ကား အနည်းငယ်မျှသာတည်း။ ထုတ်ယူအပ်သော ရေနှစ်စက်သုံးစက်တို့သည် မကွဲ မပျက် (ရောနှောနေ) သော ရေကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ် တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါ။ ရဟန်းတို့ ဤအတူသာလျှင်။ပ။ (တရားမျက်စိ) သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခုကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။