သံယုတ္တနိကာယ်—၁၃

၄—ဒုတိယ သံဘေဇ္ဇဥဒကသုတ်

၇၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဥပမာသော်ကား ဂင်္ဂါ၊ ယမုနာ၊ အစိရဝတီ၊ သရဘူ၊ မဟီဟူသော မြစ်ကြီးတို့သည် အကြင်အရပ်၌ အတူတကွ ပေါင်းဆုံ စီးဆင်းကုန်၏။ ပေါင်းဆုံရာအရပ်ရှိ ထိုမြစ်ရေသည် ရေနှစ်စက်သုံးစက်တို့သာ ကြွင်းကျန်၍ ကုန်ခန်းခြင်းသို့ ရောက်ရာ့၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ကုန်ခန်းခြင်းသို့ ရောက်ကုန်သော ရေနှင့် ကြွင်းကျန်သော ရေနှစ်စက်သုံးစက်တို့သည် အဘယ်က ပို၍ များသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ကုန်ခန်းသော ရေသည်သာလျှင် များလှပါ၏၊ ကြွင်းကျန်သော ရေနှစ်စက်သုံးစက်တို့သည် အနည်းငယ်မျှသာတည်း၊ ကြွင်းကျန်သော ရေနှစ်စက် သုံးစက်တို့သည် ကုန်ခန်းသော ရေကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါ။ ရဟန်းတို့ ဤအတူသာလျှင်။ပ။ (တရားမျက်စိ) သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခုကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။