သံယုတ္တနိကာယ်—၁၄

၂—ဒုတိယဝဂ်

၂—သနိဒါနသုတ်

၉၆။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ကာမကို ကြံစည်မှု ‘ကာမဝိတက်’သည် အကြောင်းနှင့်တကွ ဖြစ်၏၊ အကြောင်း မရှိမူ၍ မဖြစ်။ ပျက်စီးစေရန် ကြံစည်မှု ‘ဗျာပါဒဝိတက်’သည် အကြောင်းနှင့်တကွ ဖြစ်၏၊ အကြောင်း မရှိမူ၍ မဖြစ်။ ရဟန်းတို့ ညှဉ်းဆဲရန် ကြံစည်မှု ‘ဝိဟိံသာဝိတက်’ သည် အကြောင်းနှင့်တကွ ဖြစ်၏၊ အကြောင်း မရှိမူ၍ မဖြစ်။

ရဟန်းတို့ အဘယ်သို့လျှင် ကာမကို ကြံစည်မှု ‘ကာမဝိတက်’သည် အကြောင်းနှင့်တကွ ဖြစ်သနည်း၊ အကြောင်း မရှိမူ၍ မဖြစ်သနည်း။ ပျက်စီးစေရန် ကြံစည်မှု ‘ဗျာပါဒဝိတက်’သည် အကြောင်းနှင့်တကွ ဖြစ် သနည်း၊ အကြောင်း မရှိမူ၍ မဖြစ်သနည်း။ ညှဉ်းဆဲရန် ကြံစည်မှု ‘ဝိဟိံသာဝိတက်’သည် အကြောင်းနှင့် တကွ ဖြစ်သနည်း၊ အကြောင်း မရှိမူ၍ မဖြစ်သနည်း။

ရဟန်းတို့ ကာမဓာတ်ကို စွဲ၍ ကာမ၌ မှတ်သားမှု ‘ကာမသညာ’သည် ဖြစ်၏၊ ကာမ၌ မှတ်သားမှု ‘ကာမသညာ’ကို စွဲ၍ ကာမကို ကြံစည်မှု ‘ကာမသင်္ကပ္ပ’သည် ဖြစ်၏၊ ကာမကို ကြံစည်မှု ‘ကာမသင်္ကပ္ပ’ကို စွဲ၍ ကာမ၌ ဖြစ်သော အလို ‘ကာမစ္ဆန္ဒ’သည် ဖြစ်၏၊ ကာမ၌ ဖြစ်သော အလို ‘ကာမစ္ဆန္ဒ’ကို စွဲ၍ ကာမ၌ ပူလောင်မှု ‘ကာမပရိဠာဟ’သည် ဖြစ်၏၊ ကာမ၌ ပူလောင်မှု ‘ကာမပရိဠာဟ’ကို စွဲ၍ ကာမကို ရှာမှီးမှု ‘ကာမပရိယေသန’သည် ဖြစ်၏။ ရဟန်းတို့ ကာမကို ရှာမှီးမှု ‘ကာမပရိယေသန’ကို ရှာမှီးသော အကြား အမြင် မရှိသော ပုထုဇဉ်သည် ကိုယ်, နှုတ်, စိတ်ဟူသော သုံးပါးသော အကြောင်းတို့ဖြင့် မှားသော အကျင့်ကို ကျင့်၏။

ရဟန်းတို့ ဗျာပါဒဓာတ်ကို စွဲ၍ ဗျာပါဒသညာသည် ဖြစ်၏၊ ဗျာပါဒသညာကို စွဲ၍ ဗျာပါဒသင်္ကပ္ပ သည် ဖြစ်၏။ပ။ ဗျာပါဒဆန္ဒသည် ဖြစ်၏၊ ဗျာပါဒပရိဠာဟသည် ဖြစ်၏၊ ဗျာပါဒပရိယေသနသည် ဖြစ်၏။ ရဟန်းတို့ ဗျာပါဒပရိယေသနကို ရှာမှီးသော အကြားအမြင် မရှိသော ပုထုဇဉ်သည် ကိုယ်, နှုတ်, စိတ် ဟူသော သုံးပါးသော အကြောင်းတို့ဖြင့် မှားသော အကျင့်ကို ကျင့်၏။

ရဟန်းတို့ ဝိဟိံသာဓာတ်ကို စွဲ၍ ‘ဝိဟိံသာသညာ’သည် ဖြစ်၏၊ ဝိဟိံသာသညာကို စွဲ၍ ဝိဟိံသာ သင်္ကပ္ပသည် ဖြစ်၏။ပ။ ဝိဟိံသာဆန္ဒသည် ဖြစ်၏၊ ဝိဟိံသာပရိဠာဟသည် ဖြစ်၏၊ ဝိဟိံသာပရိယေသန သည် ဖြစ်၏။ ရဟန်းတို့ ဝိဟိံသာပရိယေသနကို ရှာမှီးသော အကြားအမြင် မရှိသော ပုထုဇဉ်သည် ကိုယ်, နှုတ်, စိတ်ဟူသော သုံးပါးသော အကြောင်းတို့ဖြင့် မှားသော အကျင့်ကို ကျင့်၏။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် တောက်လောင်နေသော မြက်မီးရှူးကို ခြောက်သွေ့ သော မြက်တော၌ ပစ်ချရာ၏၊ ထိုမီးကို လက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်း လျင်မြန်စွာ မငြိမ်းသတ်ခဲ့မူ မြက်ထင်းကို မှီ၍ နေသော သတ္တဝါတို့သည် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ကုန်ရာ၏။ ရဟန်းတို့ ဤအတူပင်လျှင် မည်သည့်သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ ဖြစ်ပေါ်လာသော ဖောက်ပြန်ခြင်းသို့ ရောက်သော မှတ်သားမှု ‘သညာ’ကို လျင်မြန်စွာ မစွန့်ခဲ့မူ မပယ်ဖျောက်ခဲ့မူ ကင်းအောင် မပြုခဲ့မူ တစ်ဖန် မဖြစ်ခြင်းသဘောသို့ မရောက်စေခဲ့မူ ထိုသူသည် မျက်မှောက်ဘဝ၌ပင် ပင်ပန်းခြင်း, ပူဆွေးခြင်း, ပူလောင်ခြင်းနှင့်တကွ ဆင်းရဲစွာ နေရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌လည်း မကောင်းသော လားရာ ‘ဂတိ’သို့ မချွတ် ရောက်မည်ဟု မျှော်လင့်အပ်၏။

ရဟန်းတို့ ကာမတို့မှ ထွက်မြောက်ရန် ကြံစည်မှု ‘နေက္ခမ္မဝိတက်’သည် အကြောင်းနှင့်တကွ ဖြစ်၏၊ အကြောင်း မရှိမူ၍ မဖြစ်။ မပျက်စီးစေရန် ကြံစည်မှု ‘အဗျာပါဒဝိတက်’သည် အကြောင်းနှင့်တကွ ဖြစ်၏၊ အကြောင်း မရှိမူ၍ မဖြစ်။ မညှဉ်းဆဲရန် ကြံစည်မှု ‘အဝိဟိံသာဝိတက်’သည် အကြောင်းနှင့်တကွ ဖြစ်၏၊ အကြောင်း မရှိမူ၍ မဖြစ်။

ရဟန်းတို့ အဘယ်သို့လျှင် ကာမမှ ထွက်မြောက်ရန် ကြံစည်မှု ‘နေက္ခမ္မဝိတက်’သည် အကြောင်းနှင့် တကွ ဖြစ်သနည်း၊ အကြောင်း မရှိမူ၍ မဖြစ်သနည်း။ မပျက်စီးစေရန် ကြံစည်မှု ‘အဗျာပါဒဝိတက်’သည် အကြောင်းနှင့်တကွ ဖြစ်သနည်း၊ အကြောင်း မရှိမူ၍ မဖြစ်သနည်း။ မညှဉ်းဆဲရန် ကြံစည်မှု ‘အဝိဟိံသာ ဝိတက်’သည် အကြောင်းနှင့်တကွ ဖြစ်သနည်း၊ အကြောင်း မရှိမူ၍ မဖြစ်သနည်း။

ရဟန်းတို့ ကာမမှ ထွက်မြောက်ရန် ကြံစည်မှု နေက္ခမ္မဓာတ်ကို စွဲ၍ နေက္ခမ္မသညာသည် ဖြစ်၏၊ နေက္ခမ္မသညာကို စွဲ၍ နေက္ခမ္မသင်္ကပ္ပသည် ဖြစ်၏၊ နေက္ခမ္မသင်္ကပ္ပကို စွဲ၍ နေက္ခမ္မစ္ဆန္ဒသည် ဖြစ်၏၊ နေက္ခမ္မစ္ဆန္ဒကို စွဲ၍ နေက္ခမ္မပရိဠာဟသည် ဖြစ်၏၊ နေက္ခမ္မပရိဠာဟကို စွဲ၍ နေက္ခမ္မပရိယေသနသည် ဖြစ်၏။ ရဟန်းတို့ နေက္ခမ္မပရိယေသနကို ရှာမှီးသော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ကိုယ်, နှုတ်, စိတ်ဟူသော သုံးပါးသော အကြောင်းတို့ဖြင့် ကောင်းစွာ ကျင့်၏။

ရဟန်းတို့ အဗျာပါဒဓာတ်ကို စွဲ၍ အဗျာပါဒသညာသည် ဖြစ်၏၊ အဗျာပါဒသညာကို စွဲ၍ အဗျာပါဒ သင်္ကပ္ပသည် ဖြစ်၏။ပ။ အဗျာပါဒစ္ဆန္ဒသည် ဖြစ်၏၊ အဗျာပါဒပရိဠာဟသည် ဖြစ်၏၊ အဗျာပါဒပရိယေသန သည် ဖြစ်၏။ ရဟန်းတို့ အဗျာပါဒပရိယေသနကို ရှာမှီးသော အကြားအမြင်နှင့် ပြည့်စုံသော အရိယာ တပည့်သည် ကိုယ်, နှုတ်, စိတ်ဟူသော သုံးပါးသော အကြောင်းတို့ဖြင့် ကောင်းစွာ ကျင့်၏။

ရဟန်းတို့ အဝိဟိံသာဓာတ်ကို စွဲ၍ အဝိဟိံသာသညာသည် ဖြစ်၏၊ အဝိဟိံသာသညာကို စွဲ၍ အဝိဟိံသာသင်္ကပ္ပသည် ဖြစ်၏၊ အဝိဟိံသာသင်္ကပ္ပကို စွဲ၍ အဝိဟိံသာဆန္ဒသည် ဖြစ်၏၊ အဝိဟိံသာဆန္ဒ ကို စွဲ၍ အဝိဟိံသာပရိဠာဟသည် ဖြစ်၏၊ အဝိဟိံသာပရိဠာဟကို စွဲ၍ အဝိဟိံသာပရိယေသနသည် ဖြစ်၏။ ရဟန်းတို့ အဝိဟိံသာပရိယေသနကို ရှာမှီးသော အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ကိုယ်, နှုတ်, စိတ်ဟူသော သုံးပါးသော အကြောင်းတို့ဖြင့် ကောင်းစွာ ကျင့်၏။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် တောက်လောင်သော မြက်မီးရှူးကို ခြောက်သွေ့သော မြက်တော၌ ပစ်ချရာ၏။ ထိုမီးကို လက်တို့ဖြင့်လည်းကောင်း၊ ခြေတို့ဖြင့်လည်းကောင်း လျင်မြန်စွာ ငြိမ်းသတ်ခဲ့မူ မြက်ထင်းကို မှီ၍ နေကုန်သော သတ္တဝါတို့သည် အကျိုးမဲ့ပျက်စီးခြင်းသို့ မရောက်ကုန်ရာ။ ရဟန်းတို့ ဤအတူသာလျှင် မည်သည့်သမဏဖြစ်စေ၊ ဗြာဟ္မဏဖြစ်စေ ဖြစ်ပေါ်လာသော ဖောက်ပြန်ခြင်း သို့ ရောက်သော မှတ်သားမှု ‘သညာ’ကို လျင်မြန်စွာ စွန့်ခဲ့မူ ဖျောက်ခဲ့မူ ကင်းအောင် ပြုခဲ့မူ တစ်ဖန် မဖြစ်ခြင်းသဘောသို့ ရောက်စေခဲ့မူ ထိုသူသည် မျက်မှောက်ဘဝ၌ပင် ပင်ပန်းခြင်း, ပူဆွေးခြင်း, ပူလောင်ခြင်း မရှိသည် ဖြစ်၍ ချမ်းသာစွာ နေရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌လည်းကောင်းသော လားရာ ‘ဂတိ’သို့ မချွတ် ရောက်လိမ့်မည်ဟု မျှော်လင့် အပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။