သံယုတ္တနိကာယ်—၁၄

၂—ဒုတိယဝဂ်

၃—ဂိဉ္ဇကာဝသထသုတ်

၉၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဉာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင် ဘုရား”ဟူ၍ မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟော တော်မူ၏။

“ရဟန်းတို့ ဓာတ်ကို စွဲ၍ မှတ်သားမှု ‘သညာ’သည် ဖြစ်၏၊ အယူ ‘ဒိဋ္ဌိ’သည် ဖြစ်၏၊ ကြံစည်မှု ‘ဝိတက်’သည် ဖြစ်၏”ဟု မိန့်တော်မူ၏၊ ဤသို့ မိန့်တော်မူသည်ရှိသော် အသျှင်ကစ္စာနသည် မြတ်စွာဘုရားအား “အသျှင်ဘုရား ‘ဘုရား မဟုတ်ကုန်သော သူတို့၌ ဘုရားဟုတ်၏’ဟူသော ဤအယူသည် အဘယ်ကို စွဲ၍ ထင်ရှားပါသနည်း”ဟု (လျှောက်၏)။

ကစ္စာန မသိမှု ‘အဝိဇ္ဇာ’ဓာတ်သည် ကြီးမားသည်သာတည်း။ ကစ္စာန ယုတ်ညံ့သော ဓာတ်ကို စွဲ၍ ယုတ်ညံ့သော မှတ်သားမှု ‘သညာ’၊ ယုတ်ညံ့သော အယူ၊ ယုတ်ညံ့သော အကြံ၊ ယုတ်ညံ့သော စေ့ဆော်မှု၊ ယုတ်ညံ့သော တောင့်တမှု၊ ယုတ်ညံ့သော ဆောက်တည်မှု၊ ယုတ်ညံ့သော ပုဂ္ဂိုလ်၊ ယုတ်ညံ့သော စကား ဖြစ်၏။ ယုတ်ညံ့သည်ကို ပြောကြား၏၊ ဟော၏၊ ပညတ်၏၊ ဖြစ်စေ၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင် အောင် ပြု၏၊ ထိုသူ၏ ဖြစ်ခြင်းကို ယုတ်ညံ့၏ဟု (ငါ) ဟော၏။

ကစ္စာန အလယ်အလတ်ဖြစ်သော ဓာတ်ကို စွဲ၍ အလယ်အလတ်ဖြစ်သော မှတ်သားမှု ‘သညာ၊ အလယ်အလတ်ဖြစ်သော အယူ၊ အလယ်အလတ်ဖြစ်သော အကြံ၊ အလယ်အလတ်ဖြစ်သော စေ့ဆော်မှု၊ အလယ်အလတ်ဖြစ်သော တောင့်တမှု၊ အလယ်အလတ်ဖြစ်သော ဆောက်တည်မှု၊ အလယ်အလတ်ဖြစ်သော ပုဂ္ဂိုလ်၊ အလယ်အလတ်ဖြစ်သော စကား ဖြစ်၏။ အလယ်အလတ်ကို ပြောကြား၏၊ ဟော၏၊ ပညတ်၏၊ ဖြစ်စေ၏၊ ဝေဖန်၏၊ ဖွင့်ပြ၏၊ ပေါ်လွင်အောင် ပြု၏၊ ထိုသူ၏ ဖြစ်ခြင်းကို အလယ်အလတ် ဖြစ်၏ဟူ၍ (ငါ) ဟော၏။

ကစ္စာန မြင့်မြတ်သော ဓာတ်ကို စွဲ၍ မြင့်မြတ်သော မှတ်သားမှု ‘သညာ’၊ မြင့်မြတ်သော အယူ၊ မြင့်မြတ်သော အကြံ၊ မြင့်မြတ်သော စေ့ဆော်မှု၊ မြင့်မြတ်သော တောင့်တမှု၊ မြင့်မြတ်သော ဆောက် တည်မှု၊ မြင့်မြတ်သော ပုဂ္ဂိုလ်၊ မြင့်မြတ်သော စကား ဖြစ်၏။ အမြတ်ကို ပြောကြား၏၊ ဟော၏၊ ပညတ်၏၊ ဖြစ်စေ၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏၊ ထိုသူ၏ ဖြစ်ခြင်းကို မြင့်မြတ်၏ဟူ၍ (ငါ) ဟော၏။

တတိယသုတ်။