သံယုတ္တနိကာယ်—၁၄

၂—ဒုတိယဝဂ်

၄—ဟီနာဓိမုတ္တိကသုတ်

၉၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့် သာလျှင် တပေါင်းတည်း ဖြစ်ကုန်၏၊ တသားတည်း ဖြစ်ကုန်၏။ ယုတ်ညံ့သော နှလုံးသွင်း ရှိသော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ ကောင်းသော နှလုံးသွင်းရှိသော သူတို့သည် ကောင်းသော နှလုံးသွင်းရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ လွန်ပြီး ‘အတိတ်’အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း ဖြစ်ကုန်ပြီ၊ တသားတည်း ဖြစ်ကုန်ပြီ။ ယုတ်ညံ့သော နှလုံးသွင်းရှိသော သူတို့သည် ယုတ်ညံ့သော နှလုံး သွင်းရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ။ ကောင်းသော နှလုံးသွင်းရှိသော သူတို့သည် ကောင်းသော နှလုံးသွင်းရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ။

ရဟန်းတို့ နောင် ‘အနာဂတ်’အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း ဖြစ်ကုန်လတ္တံ့၊ တသားတည်း ဖြစ်ကုန်လတ္တံ့။ ယုတ်ညံ့သော နှလုံးသွင်းရှိသော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့။ ကောင်းသော နှလုံး သွင်းရှိသော သူတို့သည် ကောင်းသော နှလုံးသွင်းရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့။

ရဟန်းတို့ ယခု ‘ပစ္စုပ္ပန်’အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း ဖြစ်ကုန်၏၊ တသားတည်း ဖြစ်ကုန်၏။ ယုတ်ညံ့သော နှလုံးသွင်းရှိသော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ ကောင်းသော နှလုံးသွင်း ရှိသော သူတို့သည် ကောင်းသော နှလုံးသွင်းရှိသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏ဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။