သံယုတ္တနိကာယ်—၁၄

၁—နာနတ္တဝဂ်

၉—ဗာဟိရဖဿနာနတ္တသုတ်

၉၃။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဓာတ်အမျိုးမျိုးကို စွဲ၍ သညာအမျိုး မျိုး ဖြစ်၏၊ သညာအမျိုးမျိုးကို စွဲ၍ ကြံစည်မှု ‘သင်္ကပ္ပ’အမျိုးမျိုး ဖြစ်၏၊ ကြံစည်မှု ‘သင်္ကပ္ပ’အမျိုးမျိုးကို စွဲ၍ ‘ဖဿ’အမျိုးမျိုး ဖြစ်၏၊ ‘ဖဿ’အမျိုးမျိုးကို စွဲ၍ ခံစားမှု ‘ဝေဒနာ’အမျိုးမျိုး ဖြစ်၏၊ ခံစားမှု ‘ဝေဒနာ’အမျိုးမျိုးကို စွဲ၍ အလို ‘ဆန္ဒ’အမျိုးမျိုး ဖြစ်၏၊ အလို ‘ဆန္ဒ’အမျိုးမျိုးကို စွဲ၍ ပူပန်မှု ‘ပရိဠာဟ’ အမျိုးမျိုး ဖြစ်၏၊ ပူပန်မှု ‘ပရိဠာဟ’ အမျိုးမျိုးကို စွဲ၍ ရှာမှီးမှု ‘ပရိယေသန’အမျိုးမျိုး ဖြစ်၏၊ ရှာမှီးမှု ‘ပရိယေသန’အမျိုးမျိုးကို စွဲ၍ ရခြင်း ‘လာဘ’အမျိုးမျိုး ဖြစ်၏။ ရဟန်းတို့ ဓာတ်အမျိုးမျိုးဟူသည် အဘယ်နည်း၊ ရူပဓာတ်။ပ။ ဓမ္မဓာတ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဓာတ်အမျိုးမျိုးဟု ဆိုအပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ သညာအမျိုးမျိုး ဖြစ်သနည်း၊ သညာ အမျိုးမျိုးကို စွဲ၍။ပ။ လာဘအမျိုးမျိုး ဖြစ်သနည်း။ ရဟန်းတို့ ရူပဓာတ်ကို စွဲ၍ ရူပသညာ ဖြစ်၏၊ ရူပသညာကို စွဲ၍ ရူပသင်္ကပ္ပ ဖြစ်၏၊ ရူပသင်္ကပ္ပကို စွဲ၍ ရူပသမ္ဖဿ ဖြစ်၏၊ ရူပသမ္ဖဿကို စွဲ၍ ရူပသမ္ဖဿဇာဝေဒနာ ဖြစ်၏၊ ရူပသမ္ဖဿဇာဝေဒနာကို စွဲ၍ ရူပစ္ဆန္ဒ ဖြစ်၏၊ ရူပစ္ဆန္ဒကို စွဲ၍ ရူပပရိဠာဟ ဖြစ်၏၊ ရူပပရိဠာဟကို စွဲ၍ ရူပပရိယေသန ဖြစ်၏၊ ရူပပရိယေသနကို စွဲ၍ ရူပလာဘ ဖြစ်၏။ပ။ ဓမ္မဓာတ်ကို စွဲ၍ သဘောတရားဓမ္မကို မှတ်သားမှု ‘ဓမ္မသညာ’ ဖြစ်၏၊ ဓမ္မသညာကို စွဲ၍ ဓမ္မကို ကြံစည်မှု ‘ဓမ္မသင်္ကပ္ပ’ ဖြစ်၏၊ သဘောတရားကို ကြံစည်မှု ‘ဓမ္မသင်္ကပ္ပ’ကို စွဲ၍ သဘောတရားကို တွေ့ထိမှု ‘ဓမ္မ သမ္ဖဿ’ ဖြစ်၏၊ ဓမ္မသမ္ဖဿကို စွဲ၍ ဓမ္မသမ္ဖဿဇာဝေဒနာ ဖြစ်၏၊ ဓမ္မသမ္ဖဿဇာဝေဒနာကို စွဲ၍ သဘောတရား၌ ဖြစ်သော အလို ‘ဓမ္မစ္ဆန္ဒ’ ဖြစ်၏၊ ဓမ္မစ္ဆန္ဒကို စွဲ၍ သဘောတရား၌ ဖြစ်သော ပူလောင်မှု ‘ဓမ္မပရိဠာဟ’ ဖြစ်၏၊ ဓမ္မပရိဠာဟကို စွဲ၍ သဘောတရားကို ရှာမှီးမှု ‘ဓမ္မပရိယေသန’ ဖြစ်၏၊ ဓမ္မ ပရိယေသနကို စွဲ၍ သဘောတရားကို ရခြင်း ‘ဓမ္မလာဘ’ ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ သညာအမျိုးမျိုး ဖြစ်၏၊ သညာအမျိုးမျိုးကို စွဲ၍။ပ။ ရှာမှီးမှုအမျိုးမျိုး ဖြစ်၏၊ ရှာမှီးမှုအမျိုးမျိုးကို စွဲ၍ ရခြင်းအမျိုးမျိုး ဖြစ်၏ဟု (ဟောတော်မူ၏)။

နဝမသုတ်။