သံယုတ္တနိကာယ်—၁၇
၃—တတိယဝဂ်
၃—ဧကပုတ္တကသုတ်
၁၇၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ သဒ္ဓါတရားရှိသော ဥပါသိကာမသည် ချစ်အပ်သော နှလုံးကို ပွားစေတတ်သော တစ်ယောက် တည်းသော သားကို ကောင်းစွာ တောင်းပန်လိုသည်ရှိသော် “ချစ်သား— စိတ္တသူကြွယ်, ဟတ္ထကအာဠာဝက သူကြွယ်တို့နှင့် တူသော သဘောရှိသူ ဖြစ်ပါလေလော့”ဟု တောင်းပန်ရာ၏။ ရဟန်းတို့ စိတ္တသူကြွယ်နှင့် ဟတ္ထကအာဠာဝကသူကြွယ်တို့သည် ငါဘုရား၏ တပည့်ဖြစ်သော ဥပါသကာယောကျာ်းတို့တွင် ချိန်ခွင့်သဖွယ်တည်း၊ နှိုင်းယှဉ်ဖွယ်တည်း။ ချစ်သား အကယ်၍ သင်သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင် ရောက် ရဟန်းပြုခဲ့မူ သာရိပုတ္တရာ, မောဂ္ဂလာန်တို့နှင့် တူသော သဘောရှိသူ ဖြစ်ပါလေလော့ဟု တောင်း ပန်ရာ၏။ ရဟန်းတို့ သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့သည် ငါဘုရား၏ တပည့်ဖြစ်ကုန်သော ရဟန်းတို့တွင် ချိန်ခွင်သဖွယ်တည်း၊ နှိုင်းယှဉ်ဖွယ်တည်း။
ချစ်သား အရဟတ္တဖိုလ်သို့ မရောက်သေး၍ သေက္ခသာ ဖြစ်သော သင့်ကို လာဘ်ပူဇော်သကာ အကျော်အစောသည် မကျရောက်ပါစေလင့်ဟု တောင်းပန်ရာ၏၊ ရဟန်းတို့ အရဟတ္တဖိုလ်သို့ မရောက် သေး၍ သေက္ခသာ ဖြစ်သော ရဟန်းကို လာဘ်ပူဇော်သကာ အကျော်အစော ကျရောက်သည် ဖြစ်ခဲ့မူ ထိုလာဘ်ပူဇော်သကာ အကျော်အစောသည် ထိုသေက္ခရဟန်းအား အန္တရာယ်ပြုခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
တတိယသုတ်။