သံယုတ္တနိကာယ်—၂၁

၃—ဃဋသုတ်

၂၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင် သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလာန်တို့သည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ နေကုန်၏၊ ထိုအခါ အသျှင်သာရိပုတ္တရာသည် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်း ရာမှ ထလျက် အသျှင်မဟာမောဂ္ဂလာန်နှင့်အတူ ဝမ်းမြောက်ဝမ်းသာ့နှုတ်ဆက်ပြောဆိုပြီးဆုံးစေ၍ တစ်ခု သော နေရာ၌ ထိုင်နေပြီးသော် အသျှင်မဟာမောဂ္ဂလာန်အား ဤစကားကို ဆို၏—

ငါ့ သျှင် မောဂ္ဂ လာန် သင်၏ ဣန္ဒြေတို့ သည် ကြည် လင် ကုန်၏၊ မျ က် နှာအဆင်း သည် စင် ကြယ်၏၊ ဖြူစင်တောက်ပ၏၊ အသျှင်မောဂ္ဂလာန်သည် ယနေ့ အဘယ်ငြိမ်သက်သော နေခြင်းဖြင့် နေပါသနည်းဟု (မိန့်ဆို၏)။ ငါ့သျှင် ငါသည် ယနေ့ ရုန့်ရင်းသော နေခြင်းဖြင့် နေ၏၊ သို့သော်လည်း ငါ့အား “တရား စကား ပြောဆိုခြင်း” ဖြစ်ခဲ့၏။ အသျှင်မဟာမောဂ္ဂလာန်အား အဘယ်ပုဂ္ဂိုလ်နှင့် အတူ “တရားစကား ပြော ဆိုခြင်း” ဖြစ်ပါသနည်း၊ ငါ့သျှင် ငါသည် မြတ်စွာဘုရားနှင့် အတူ “တရားစကား ပြောဆိုခြင်း” ဖြစ်ခဲ့၏၊ ငါ့သျှင် မြတ်စွာဘုရားသည် ဝေးလှ၏၊ ယခုအခါ သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံ ဇေတဝန် ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ အသို့ပါနည်း၊ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားရှိရာသို့ တန်ခိုးဖြင့် ချဉ်းကပ်ပါသလော၊ ထိုသို့မဟုတ် မြတ်စွာဘုရားသည် အရှင်မောဂ္ဂလာန်အထံသို့ တန်ခိုးဖြင့် ချဉ်းကပ်ပါသလော။ ငါ့သျှင် ငါသည် မြတ်စွာဘုရားထံသို့ တန်ခိုးဖြင့် မချဉ်းကပ်၊ မြတ်စွာဘုရားသည်လည်း ငါ့ထံသို့ တန်ခိုးဖြင့် ချဉ်းကပ်တော်မမူပါ။ စင်စစ်သော်ကား ငါသည် အကြင်မျှလောက် အပိုင်း အခြားဖြင့် မြတ်စွာဘုရားကို မြင်နိုင်၏၊ အသံတော်ကို ကြားနိုင်၏၊ ထိုမျှလောက် အပိုင်းအခြားဖြင့် ဒိဗ္ဗစက္ခု , ဒိဗ္ဗသောတဓာတ်သည် စင်ကြယ်၏။ မြတ်စွာဘုရားကလည်း အကြင်မျှလောက် အပိုင်းအခြားဖြင့် ငါ့ကို မြင်နိုင်၏၊ ငါ့အသံကို ကြားနိုင်၏၊ ထိုမျှလောက် အပိုင်းအခြားဖြင့် ဒိဗ္ဗစက္ခု , ဒိဗ္ဗသောတဓာတ်သည် စင်ကြယ်၏ဟု မိန့်ဆို၏၊ အဘယ်သို့လျှင် အသျှင်မဟာမောဂ္ဂလာန်အား မြတ်စွာဘုရားနှင့် အတူ “တရား စကား ပြောဆိုခြင်း” ဖြစ်ပါသနည်းဟု (ဆို၏)။

ငါ့သျှင် ငါသည် မြတ်စွာဘုရားအား “အသျှင်ဘုရား ထက်သန်သော လုံ့လရှိသူ ထက်သန်သော လုံ့လရှိသူဟူ၍ ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့် ထက်သန်သော လုံ့လရှိသူ ဖြစ်ပါသ နည်း”ဟု (လျှောက်၏)။ ငါ့သျှင် ဤသို့ မေးလျှောက်သည်ရှိသော် ငါ့ကို မြတ်စွာဘုရားသည် “မောဂ္ဂလာန် ဤသာသနာတော်၌ ရဟန်းသည် စင်စစ် အရေ အကြော အရိုးသာ ကြွင်းကျန်ပစေ၊ ကိုယ်၌ အသား အသွေး ခန်းခြောက်ပစေ၊ ယောကျာ်း၏ အစွမ်း ယောကျာ်း၏ လုံ့လ ယောကျာ်း၏ အားထုတ်မှုဖြင့် ရောက်အပ်သော အရဟတ္တဖိုလ်သို့ မရောက်ဘဲ လုံ့လ၏ တန့်ရပ်ခြင်းသည် မဖြစ်လတ္တံ့ဟု ထက်သန်သော လုံ့လရှိသူ ဖြစ်၍ နေ၏၊ မောဂ္ဂလာန် ဤသို့လျှင် ထက်သန်သော လုံ့လရှိသူ ဖြစ်၏”ဟု မိန့်တော်မူ၏။ ငါ့သျှင် ဤသို့လျှင် မြတ်စွာဘုရားနှင့် အတူ တရားစကား ပြောဟောခြင်းသည် ဖြစ်ပါသည်ဟု (ဆို၏)။

ငါ့သျှင်မောဂ္ဂလာန် သေးငယ်သော ကျောက်စရစ်ခဲသည် ဟိမဝန္တာတောင်မင်း၏ အနီး၌ ထားခြင်းမျှ အကျိုးငှါသာလျှင် ဖြစ်သကဲ့သို့ ဤအတူသာလျှင် အကျွန်ုပ်တို့သည် အသျှင်မဟာမောဂ္ဂလာန်၏ အနီး၌ ထားခြင်းမျှအကျိုးငှါသာလျှင် ဖြစ်ကုန်ရာပါ၏၊ အရှင်မဟာမောဂ္ဂလာန်သည်ကား ကြီးသော တန်ခိုးရှိ၏၊ ကြီးသော အာနုဘော်ရှိ၏၊ အလိုရှိခဲ့သော် အာယုကပ်ပတ်လုံး တည်ရာ၏ဟု (ဆို၏)။

ငါ့သျှင်သာရိပုတ္တရာ အနည်းငယ်သော ဆားခဲကလေးသည် ဆားအိုးကြီး၏ အနီး၌ ထားခြင်းမျှ အကျိုးငှါသာလျှင် ဖြစ်ရာသကဲ့သို့ ဤအတူသာလျှင် အကျွန်ုပ်တို့သည် အသျှင်သာရိပုတ္တရာ၏ အနီး၌ ထားခြင်းမျှအကျိုးငှါသာလျှင် ဖြစ်ကုန်ရာပါ၏၊ အရှင်သာရိပုတ္တရာကို မြတ်စွာဘုရားသည် များစွာသော အကြောင်းတို့ဖြင့် ချီးမွမ်းထောမနာ ပြုအပ်ပါ၏—

“အကြင်ရဟန်းသည် တစ်ဘက်ကမ်း နိဗ္ဗာန်သို့ ရောက်၏၊ ထိုရဟန်းသည် ဤတစ်ဘက်ကမ်း နိဗ္ဗာန်သို့ ရောက်ရုံမျှသာလျှင် ဖြစ်၏။ သာရိပုတ္တရာသည်သာ လျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း ထိုတစ်ဘက်ကမ်း နိဗ္ဗာန်သို့ရောက်သော ရဟန်းဟူသမျှထက် မြတ်၏”ဟု (ချီးမွမ်းထောမနာ ပြုအပ်ပါ၏)။

ဤသို့လျှင် ထိုရဟန္တာပုဂ္ဂိုလ်ကြီး နှစ်ပါးတို့သည် အချင်းချင်း ကောင်းစွာ ဆိုအပ်သော စကားကို အတူ ဝမ်းမြောက်ကြကုန်၏။

တတိယသုတ်။