သံယုတ္တနိကာယ်—၂၁
၂—ဥပတိဿသုတ်
၂၃၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “ငါ့သျှင်”ဟူ၍ ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်လျှောက်ကုန်၏၊ အသျှင် သာရိပုတြာသည် ဤစကားကို မိန့်တော်မူ၏—
ငါ့ သျှင်တို့ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေစဉ် “တစ်စုံတစ်ယောက်သော သူ၏ ဖောက်ပြန်ပျက်စီးခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် ငါ့အား စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ လောက၌ တစ်စုံတစ်ခုသော ထိုစိုးရိမ်ခြင်း စသည်သည် ငါ့အား ရှိသလော”ဟု အကြံ ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါ့အား ဤသို့သော အကြံ ဖြစ်ပြန်၏၊ “တစ်စုံတစ်ယောက်သော သူ၏ ဖောက်ပြန်ပျက်စီးခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် ငါ့အား စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ လောက၌ တစ်စုံ တစ်ခုသော ထိုစိုးရိမ်ခြင်းစသည်သည် ငါ့အား မရှိသည်သာတည်း”ဟု အကြံ ဖြစ်ပြန်၏ဟု ဆို၏။
ဤသို့ ဆိုသည်ရှိသော် အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်၏— “ငါ့သျှင်သာရိပုတြာ မြတ်စွာဘုရား၏လည်း ဖောက်ပြန်ပျက်စီးခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် အသျှင် ဘုရားအား စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် မဖြစ်ကုန် ရာသလော”ဟု ဆို၏။ ငါ့သျှင် မြတ်စွာဘုရား၏လည်း ဖောက်ပြန်ပျက်စီးခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်း ကြောင့် စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ငါ့အား မဖြစ်ကုန်၊ စင်စစ်သော်ကား “အချင်းတို့ ဘုန်းတော်ကြီးတော်မူသော တန်ခိုးအာနုဘော် ကြီးတော်မူသော မြတ်စွာဘုရားသည် စင်စစ် ကွယ်တော်မူလေပြီတကား၊ အကယ်၍ မြတ်စွာဘုရားသည် ရှည်မြင့်စွာသော ကာလပတ်လုံး တည်နေခဲ့ပါမူ များစွာသော သူတို့၏ အစီးအပွားရှိခြင်းငှါ များစွာသော သူတို့၏ ချမ်းသာခြင်းငှါ လောကကို အစဉ်စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးစီးပွားအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ရာ၏”ဟု ငါ့အား ဤသို့မူကား ဖြစ်ရာ၏ဟု မိန့်တော်မူ၏၊ အသျှင်သာရိပုတြာသည် ရှည်စွာသော ကာလ ပတ်လုံး ငါဟု စွဲယူသော ‘ဒိဋ္ဌိ’၊ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’၊ ကိန်းဝပ်နေသော ထောင်လွှားမှု ‘မာနာနုသယ’တို့သည် ကောင်းစွာ နုတ်ပယ်အပ်ကုန်ပြီ၊ ထို့ကြောင့် မြတ်စွာဘုရား၏လည်း ဖောက်ပြန်ပျက်စီးခြင်း တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့် အသျှင်သာရိပုတြာအား စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။