သံယုတ္တနိကာယ်—၂၁

၁—ကောလိတသုတ်

၂၃၅။ အကျွန်ုပ်သည် ဤသို့ နာကြားခဲ့ရပါသည်—အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာ မောဂ္ဂလာန်သည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟူ၍ ခေါ်တော်မူ၏၊ “ငါ့သျှင်”ဟု ထိုရဟန်းတို့သည် အသျှင်မဟာမောဂ္ဂလာန်အား ပြန်လျှောက်ကုန်၏၊ အသျှင်မဟာမောဂ္ဂလာန်သည် ဤစကားကို မိန့်တော်မူ၏—

ငါ့ သျှင်တို့ ဆိတြ် ငိမ် ရာသို့ ကပ် လျ က် တစ် ပါး တည်း ကိန်း အောင်း နေသော ငါ့ အား “မြတ် သော ဆိတ်ဆိတ်နေခြင်း မြတ်သော ဆိတ်ဆိတ်နေခြင်းဟူ၍ ဆိုအပ်၏၊ မြတ်သော ဆိတ်ဆိတ်နေခြင်းဟူသည် အဘယ်နည်း”ဟု အကြံ ဖြစ်၏၊ ငါ့သျှင်တို့ ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်၏၊ “ဤသာသနာ တော်၌ ရဟန်းသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’တို့၏ ချုပ်ခြင်းကြောင့် မိမိသန္တာန်၌ စိတ် ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်မှု ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’ မရှိသော၊ တည်ကြည်မှု ‘သမာဓိ’ကြောင့် ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ဤဒုတိယဈာန်ကို မြတ်သော ဆိတ်ဆိတ်နေခြင်း” ဟူ၍ ဆိုအပ်၏ဟု အကြံ ဖြစ်၏။ ငါ့သျှင်တို့ ထိုငါသည် ကြံစည်မှု ‘ဝိတက်’ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’တို့၏ ချုပ်ခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်ပွား စေတတ်သော၊ ကြံစည်မှု ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’ မရှိသော၊ တည်ကြည်မှု ‘သမာဓိ’ ကြောင့် ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေခဲ့၏။ ငါ့သျှင်တို့ ဤသို့နေခြင်းဖြင့် နေသော ထိုငါ့အား ကြံစည်မှု ‘ဝိတက်’နှင့် တကွဖြစ်သော မှတ်သားမှု ‘သညာ’ နှလုံး သွင်းမှု ‘မနသိကာရ’တို့သည် ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုအခါ၌ ငါ့ထံသို့ မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ချဉ်းကပ်၍ “ဗြာဟ္မဏအနွယ် ဖြစ်သော မောဂ္ဂလာန် မြတ်သော ဆိတ်ဆိတ်နေခြင်းကို မမေ့မလျော့လင့်၊ မြတ်သော ဆိတ်ဆိတ်နေခြင်း၌ စိတ်ကို ကောင်းစွာ ထားလော့၊ မြတ်သော ဆိတ်ဆိတ်နေခြင်း၌ စိတ်တည်ကြည်ခြင်းကို ပြုလော့၊ မြတ် သော ဆိတ်ဆိတ်နေခြင်း၌ စိတ်ကို ကောင်းစွာ ဆောက်တည်လော့”ဟု မိန့်တော်မူ၏။ ငါ့သျှင်တို့ ထိုငါ သည် တစ်ပါးသော အခါ၌ ကြံစည်မှု ‘ဝိတက်’ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’တို့၏ ချုပ်ခြင်းကြောင့် မိမိသန္တာန် ၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်မှု ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်မှု ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်မှု ‘ဝိစာရ’ မရှိသော၊ တည်ကြည်မှု ‘သမာဓိ’ကြောင့် ဖြစ်သော၊ နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ ငါ့သျှင်တို့ “မြတ်စွာဘုရား ချီးမြှောက် အပ်သော တပည့်သာဝကသည် မြတ်သော အဘိညာဉ်နှင့် ပြည့်စုံသည်၏အဖြစ်သို့ ရောက်၏”ဟူ၍ တစ်စုံ တစ်ယောက်သော သူကို ကောင်းစွာ ပြောဆိုလိုသူသည် ငါ့ကိုသာလျှင် ပြောဆိုရာ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။