သံယုတ္တနိကာယ်—၂ဝ
၁၂—ဒုတိယ သိင်္ဂါလသုတ်
၂၃၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့သည် ညဉ့်၏ မိုးသောက်ချိန်၌ ညည်းတွားနေသော မြေခွေးအို၏ အသံကို ကြားဖူးကုန်သလောဟု မေးတော်မူ၏။ ကြားဖူးပါကုန်၏ အသျှင်ဘုရား။ ရဟန်း့တို့ ထိုမြေခွေးအို၌ သူပြုဖူးသော ကျေးဇူးတစ်စုံတစ်ရာကို သိခြင်းသည်လည်းကောင်း၊ သူပြုဖူးသော ကျေးဇူးကို အထူးသိခြင်းသည်လည်းကောင်း ဖြစ်ရာသေး၏။ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သာကီဝင်မင်းသား ဘုရားသားတော်ဟု ဝန်ခံသော်လည်း သူပြုဖူးသော ကျေးဇူးတစ်စုံတစ်ရာကို သိခြင်း သည်လည်းကောင်း၊ သူပြုဖူးသော ကျေးဇူးကို အထူးသိခြင်းသည်လည်းကောင်း မဖြစ်ရာ။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “သူပြုဖူးသော ကျေးဇူးကို သိသူ၊ သူပြုဖူးသော ကျေးဇူးကို အထူးသိ သူတို့ ဖြစ်ကြကုန်အံ့။ ငါတို့၌ အနည်းငယ်မျှ ပြုဖူးသော ကျေးဇူးသည် မပျက်စီးလတ္တံ့”ဟု ဤသို့လျင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
ဒွါဒသမသုတ်။
သြပမ္မသံယုတ် ပြီး၏။