သံယုတ္တနိကာယ်—၂ဝ

၁၁—သိင်္ဂါလသုတ်

၂၃၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့သည် ညဉ့်၏ မိုးသောက်ချိန်၌ ညည်းတွားနေသော မြေခွေးအို၏ အသံကို ကြားဖူးကုန်၏လောဟု မေးတော်မူ၏။ ကြားဖူးပါသည် အသျှင်ဘုရား။ ရဟန်းတို့ ဤမြေခွေးအိုသည် ဥက္ကဏ္ဍကမည်သော အနာဖြင့် တွေ့ထိအပ်သည်ဖြစ်၍ သွားလိုရာရာ အရပ်သို့ သွား၏၊ ရပ်လိုရာရာ အရပ်၌ ရပ်၏၊ ထိုင်လိုရာရာ အရပ်၌ ထိုင်၏၊ အိပ်လိုရာရာ အရပ်၌ အိပ်၏၊ ထိုမြေခွေးအိုကို လေအေးကလေးမူကား တိုက်ခတ်သေး၏၊ ထိုအခါမျိုး၌ ထိုမြေခွေးအိုအား စိတ်သာယာမှုကို ရသဖြင့် လျောင်းရာ၏။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော သာကီဝင်မင်းသား ဘုရားသားတော်ဟု ဝန်ခံ သော သူသည် မြေခွေးအိုသဘောရှိသော အတ္တဘောမျိုး ရခြင်းကို (အနာဂတ်ဘဝ၌) မခံစားရရာ၊ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “မမေ့လျော့သည် ဖြစ်၍ နေကုန်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

ဧကာဒသမသုတ်။