သံယုတ္တနိကာယ်—၂၂
(၁၂) ၂—ဓမ္မကထိကဝဂ်
၁—အဝိဇ္ဇာသုတ်
၁၁၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ‘အဝိဇ္ဇာ အဝိဇ္ဇာ’ဟုဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်သည် အဝိဇ္ဇာပါနည်း၊ အဘယ်မျှဖြင့် အဝိဇ္ဇာသို့ ရောက်သူဖြစ်ပါသနည်း”ဟု ဤ စကားကို လျှောက်၏။ ရဟန်း ဤလောက၌ အကြားအမြင် မရှိသောပုထုဇဉ်သည် ရုပ်ကို မသိ၊ ရုပ် ဖြစ်ပေါ်ကြောင်းကို မသိ၊ ရုပ်ချုပ်ရာကို မသိ၊ ရုပ်ချုပ်ရာသို့ရောက်ကြောင်းအကျင့်ကို မသိ။ ဝေဒနာကို မသိ။ သညာကို မသိ။ သင်္ခါရတို့ကို မသိ။ပ။ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို မသိ။ ရဟန်း ဤသို့ မသိခြင်းကို အဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့် အဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။