သံယုတ္တနိကာယ်—၂၂

(၁၂) ၂—ဓမ္မကထိကဝဂ်

၁ဝ—သီလဝန္တသုတ်

၁၂၂။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ညချမ်းအခါတစ်ပါးတည်း ကိန်းအောင်းနေရာမှ ထပြီးလျှင် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ ။ပ။

ငါ့သျှင်သာရိပုတြာ သီလရှိသော ရဟန်းသည် အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ပါသနည်းဟု ပြောဆို၏။

ငါ့သျှင်ကောဋ္ဌိက သီလရှိသော ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ဆင်းရဲဟူ၍ ရောဂါဟူ၍ အနာဟူ၍ ငြောင့်ဟူ၍ ပင်ပန်းမှုဟူ၍ နာကျင်မှုဟူ၍ သူစိမ်းပြင်ပဟူ၍ အပျက်တရားဟူ၍ ဆိတ်သုဉ်း သော တရားဟူ၍ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။

အဘယ်ငါးမျိုးတို့ နည်းဟူမူ— ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ၊ သညာဟူသော ဥပါဒါနက္ခန္ဓာ၊ သင်္ခါရတို့ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။ ငါ့သျှင်ကောဋ္ဌိက သီလရှိသော ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ဆင်းရဲဟူ၍ ရောဂါဟူ၍ အနာဟူ၍ ငြောင့်ဟူ၍ ပင်ပန်းမှု ဟူ၍ နာကျင်မှုဟူ၍ သူစိမ်းပြင်ပဟူ၍ အပျက်တရားဟူ၍ ဆိတ်သုဉ်းသော တရားဟူ၍ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့သျှင်သီလရှိသော ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုး တို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည် ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသောအကြောင်းသည် ရှိ၏။

ငါ့သျှင်သာရိပုတြာ သောတာပန်ရဟန်းသည် အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်သနည်း။

ငါ့သျှင်ကောဋ္ဌိက သောတာပန်ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့သျှင် သောတာပန်အဖြစ်သို့ ရောက်သောရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည် ရှိသော် သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသော အကြောင်းသည် ရှိ၏။

ငါ့သျှင်သာရိပုတြာ သကဒါဂါမ်ရဟန်းသည် အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ပါကုန်သနည်း။

ငါ့သျှင်ကောဋ္ဌိက သကဒါဂါမ်ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့သျှင် သကဒါဂါမ်ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည် ရှိသော်အနာဂါမိဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသော အကြောင်းသည် ရှိ၏။

ငါ့သျှင်သာရိပုတြာ အနာဂါမ်ရဟန်းသည် အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ပါကုန်သနည်း။

ငါ့သျှင်ကောဋ္ဌိက အနာဂါမ်ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့သျှင် အနာဂါမ်ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည် ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသော အကြောင်းသည် ရှိ၏။

ငါ့သျှင်သာရိပုတြာ ရဟန္တာသည် အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ပါကုန် သနည်း။

ငါ့သျှင်ကောဋ္ဌိက ရဟန္တာသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ဆင်းရဲဟူ၍ ရောဂါ ဟူ၍ အနာဟူ၍ ငြောင့်ဟူ၍ ပင်ပန်းမှုဟူ၍ နာကျင်မှုဟူ၍ သူစိမ်းပြင်ပဟူ၍ အပျက်တရားဟူ၍ ဆိတ်သုဉ်းသော တရားဟူ၍ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။

ငါ့သျှင် ရဟန္တာအား တစ်စုံတစ်ခုသော ရဟန်းကိစ္စကို နောက်ထပ်ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီး သောတရားကိုလည်း ထပ်၍ ပွားများဖွယ် မရှိတော့ပြီ၊ စင်စစ်သော်ကား ဤတရားတို့ကို ပွားများအပ်ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းအကျိုးငှါလည်းကောင်း၊ သတိ, သမ္ပဇဉ်အလို့ငှါလည်းကောင်း ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။