သံယုတ္တနိကာယ်—၂၂

(၆) ၁—ဥပယဝဂ်

၁ဝ—နိရုတ္တိပထသုတ်

၆၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပညာရှိသမဏဗြာဟ္မဏတို့သည် မတားမြစ်အပ်ကုန်သော မစွန့်အပ်ကုန်သော မစွန့်ဖူးကုန်သော သဒ္ဒါ, အမည်, ပညတ် ဤသုံးမျိုးတို့ကို ယခုလည်း မစွန့်အပ်ကုန်၊ နောင်လည်း စွန့်အပ်လိမ့်မည် မဟုတ်ကုန်။ အဘယ်သုံးမျိုးတို့နည်းဟူမူ—ရဟန်းတို့ လွန်ပြီး ချုပ်ပြီးဖောက်ပြန်ပြီးသော ရုပ်အား “ဖြစ်ပြီး”ဟူသော အခေါ်အဝေါ်ကို “ဖြစ်ပြီး”ဟူသော အမည်ကို”ဖြစ်ပြီး”ဟူ သော ပညတ်ကို ရ၏၊ “ဖြစ်ဆဲ”ဟူသော အခေါ်အဝေါ်ကို မရ၊ “ဖြစ်လတ္တံ့”ဟူသောအခေါ်အဝေါ်ကို မရ။ လွန်ပြီး ချုပ်ပြီး ဖောက်ပြန်ပြီးသော ဝေဒနာအား “ဖြစ်ပြီး”ဟူသောအခေါ်အဝေါ်ကို “ဖြစ်ပြီး”ဟူသော အမည်ကို “ဖြစ်ပြီး”ဟူသော ပညတ်ကို ရ၏၊ “ဖြစ်ဆဲ”ဟူသောအခေါ်အဝေါ်ကို မရ၊ “ဖြစ်လတ္တံ့”ဟူသော အခေါ်အဝေါ်ကို မရ။ လွန်ပြီး ချုပ်ပြီး ဖောက်ပြန်ပြီးသောသညာအား။ သင်္ခါရတို့အား “ဖြစ်ပြီး”ဟူသော အခေါ်အဝေါ်ကို “ဖြစ်ပြီး”ဟူသော အမည်ကို”ဖြစ်ပြီး”ဟူသော ပညတ်ကို ရ၏၊ “ဖြစ်ဆဲ”ဟူသော အခေါ်အဝေါ်ကို မရ၊ “ဖြစ်လတ္တံ့” ဟူသောအခေါ်အဝေါ်ကို မရ။ လွန်ပြီး ချုပ်ပြီး ဖောက်ပြန်ပြီးသော ဝိညာဏ်အား “ဖြစ်ပြီး”ဟူသော အခေါ်အဝေါ်ကို “ဖြစ်ပြီး”ဟူသော အမည်ကို “ဖြစ်ပြီး”ဟူသော ပညတ်ကို ရ၏၊ “ဖြစ်ဆဲ”ဟူသော အခေါ်အဝေါ်ကို မရ၊ “ဖြစ်လတ္တံ့”ဟူသော အခေါ်အဝေါ်ကို မရ။

ရဟန်းတို့ မဖြစ်သေး မထင်ရှားသေးသော ရုပ်အား “ဖြစ်လတ္တံ့”ဟူသော အခေါ်အဝေါ်ကို “ဖြစ်လတ္တံ့”ဟူသော အမည်ကို “ဖြစ်လတ္တံ့”ဟူသော ပညတ်ကို ရ၏၊ “ဖြစ်ဆဲ”ဟူသော အခေါ်အဝေါ်ကို မရ၊ “ဖြစ်ပြီး”ဟူသော အခေါ်အဝေါ်ကို မရ။ မဖြစ်သေး မထင်ရှားသေးသော ဝေဒနာအား “ဖြစ်လတ္တံ့”ဟူသော အခေါ်အဝေါ်ကို “ဖြစ်လတ္တံ့”ဟူသော အမည်ကို “ဖြစ်လတ္တံ့”ဟူသော ပညတ်ကို ရ၏၊ “ဖြစ်ဆဲ”ဟူ သော အခေါ်အဝေါ်ကို မရ၊ “ဖြစ်ပြီး”ဟူသော အခေါ်အဝေါ်ကို မရ။ မဖြစ်သေးမထင်ရှားသေးသော သညာအား။ သင်္ခါရတို့အား “ဖြစ်လတ္တံ့”ဟူသော အခေါ်အဝေါ်ကို”ဖြစ်လတ္တံ့” ဟူသော အမည်ကို “ဖြစ် လတ္တံ့”ဟူသော ပညတ်ကို ရ၏၊ “ဖြစ်ဆဲ”ဟူသောအခေါ်အဝေါ်ကို မရ၊ “ဖြစ်ပြီး” ဟူသော အခေါ် အဝေါ်ကို မရ။ မဖြစ်သေး မထင်ရှားသေးသောဝိညာဏ်အား “ဖြစ်လတ္တံ့”ဟူသော အခေါ်အဝေါ်ကို “ဖြစ်လတ္တံ့” ဟူသော အမည်ကို”ဖြစ်လတ္တံ့”ဟူသော ပညတ်ကို ရ၏၊ “ဖြစ်ဆဲ”ဟူသော အခေါ်အဝေါ်ကို မရ၊ “ဖြစ်ပြီး” ဟူသောအခေါ်အဝေါ်ကို မရ။

ရဟန်းတို့ ဖြစ်နေသော ထင်ရှားနေသော ရုပ်အား “ဖြစ်ဆဲ”ဟူသော အခေါ်အဝေါ်ကို “ဖြစ်ဆဲ”ဟူသော အမည်ကို “ဖြစ်ဆဲ”ဟူသော ပညတ်ကို ရ၏၊ “ဖြစ်ပြီး”ဟူသော အခေါ်အဝေါ်ကို မရ၊ “ဖြစ်လတ္တံ့”ဟူသော အခေါ်အဝေါ်ကို မရ။ ဖြစ်နေသော ထင်ရှားနေသော ဝေဒနာအား “ဖြစ်ဆဲ” ဟူသော အခေါ်အဝေါ်ကို “ဖြစ်ဆဲ”ဟူသော အမည်ကို “ဖြစ်ဆဲ”ဟူသော ပညတ်ကို ရ၏၊ “ဖြစ်ပြီး”ဟူသော အခေါ့်အဝေါ်ကို မရ၊ “ဖြစ်လတ္တံ့”ဟူသော အခေါ်အဝေါ်ကို မရ။ ဖြစ်နေသော ထင်ရှားနေသော သညာအား။ သင်္ခါရတို့အား “ဖြစ်ဆဲ”ဟူသော အခေါ်အဝေါ်ကို “ဖြစ်ဆဲ”ဟူသော အမည်ကို “ဖြစ်ဆဲ”ဟူသော ပညတ်ကို ရ၏၊ “ဖြစ်ပြီး”ဟူသော အခေါ်အဝေါ်ကို မရ၊ “ဖြစ်လတ္တံ့”ဟူသော အခေါ်အဝေါ်ကို မရ။ ဖြစ်နေသော ထင်ရှားနေသော ဝိညာဏ်အား “ဖြစ်ဆဲ”ဟူသော အခေါ်အဝေါ်ကို “ဖြစ်ဆဲ”ဟူသောအမည်ကို “ဖြစ်ဆဲ” ဟူသော ပညတ်ကို ရ၏၊ “ဖြစ်ပြီး”ဟူသော အခေါ်အဝေါ်ကို “ဖြစ်လတ္တံ့” ဟူသောအခေါ်အဝေါ်ကို မရ။

ရဟန်းတို့ ပညာရှိသမဏဗြာဟ္မဏတို့သည် မတားမြစ်အပ်ကုန်သော မစွန့်အပ်ကုန်သော မစွန့်ဖူးကုန်သော သဒ္ဒါ, အမည်, ပညတ် ဤသုံးမျိုးတို့ကို ယခုလည်း မစွန့်အပ်ကုန်၊ နောင်လည်း စွန့်အပ်လိမ့်မည် မဟုတ်ကုန်။ ရဟန်းတို့ အကြောင်းမရှိဟု အယူရှိကုန်သော ပြုသော်လည်း ပြုသည် မမည်ဟုအယူရှိကုန်သော အကျိုးမရှိဟု အယူရှိကုန်သော ဥက္ကလဇနပုဒ်သား ဝဿနှင့် ဘညတို့သော်မှလည်းကဲ့ရဲ့ ပုတ်ခတ် ပြစ်တင် စွပ်စွဲမည်ကို ကြောက်သောကြောင့် ဤသဒ္ဒါ, အမည်, ပညတ် သုံးမျိုးတို့ကိုကဲ့ရဲ့ဖွယ် တားမြစ်ဖွယ်ဟု မထင်ခဲ့ကုန်ဟု (မိန့်တော်မူ၏)

ဒသမသုတ်။

မဇ္ဈိမပဏ္ဏာသက၏ ရှေးဦးစွာသော ဥပယဝဂ် ပြီး၏။