သံယုတ္တနိကာယ်—၂၂
(၁ဝ) ၅—ပုပ္ဖဝဂ်
၇—ဂဒ္ဒုလဗဒ္ဓသုတ်
၉၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဤသံသရာသည်ကား အစမရှိ၊ အဝိဇ္ဇာဟူသော အပိတ်အပင်တဏှာဟူသော သံယောဇဉ်ရှိသည် ဖြစ်၍ ပြေးလွှားကျင်လည်နေကြရသော သတ္တဝါတို့၏ ရှေးအစွန်းကားမထင်။ ရဟန်းတို့ မဟာသမုဒ္ဒရာ ခြောက်ခန်းရသော အလွန်ခြောက်ခန်းရသော မဖြစ်ပေါ်နိုင်တော့သောအခါမျိုးကား ရှိသေး၏၊ အဝိဇ္ဇာဟူသော အပိတ်အပင် တဏှာဟူသော သံယောဇဉ်ရှိသည် ဖြစ်၍ ပြေးလွှား ကျင်လည်နေကြရသော သတ္တဝါတို့၏ ဆင်းရဲ၏ အဆုံးပြုမှုကို ငါဘုရားသည်မဟောနိုင်သည်သာတည်း။ ရဟန်းတို့ မြင်းမိုရ်တောင်မင်းသည် မီးလောင်ပျက်စီး၍ မဖြစ်ပေါ်နိုင်တော့သော အခါမျိုးကား ရှိသေး၏၊ အဝိဇ္ဇာဟူသော အပိတ်အပင် တဏှာဟူသောသံယောဇဉ်ရှိသည် ဖြစ်၍ ပြေးလွှားကျင်လည်နေကြရသော သတ္တဝါတို့၏ ဆင်းရဲ၏ အဆုံးပြုမှုကိုငါဘုရားသည် မဟောနိုင်သည်သာတည်း။ ရဟန်းတို့ ဤမြေကြီးသည် မီးလောင်ပျက်စီး၍ မဖြစ်ပေါ်နိုင်တော့သော အခါမျိုးကား ရှိသေး၏၊ အဝိဇ္ဇာဟူသော အပိတ်အပင် တဏှာဟူသောသံယောဇဉ်ရှိသည် ဖြစ်၍ ပြေးလွှားကျင်လည်နေကြရသော သတ္တဝါတို့၏ ဆင်းရဲ၏ အဆုံး ပြုမှုကိုငါဘုရားသည် မဟောနိုင်သည်သာတည်း။
ရဟန်းတို့ ဥပမာသော်ကား တောက်ဖြင့် နှောင်ဖွဲ့၍ မြဲသော ငုတ်၌ ဖြစ်စေ၊ တိုင်၌ ဖြစ်စေ ကပ်ချည်ထားသော ခွေးသည် ထိုငုတ်ကိုဖြစ်စေ၊ တိုင်ကိုဖြစ်စေ ရစ်ပတ်၍ ပြေးရာ၏၊ လှည့်လည်ရာ၏။
ရဟန်းတို့ ဤအတူပင် အကြားအမြင် မရှိသော အရိယာတို့ကို မဖူးမြင်ရဖူးသေးသော။ပ။ သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ရှု၏။ပ။ ဝေဒနာကိုအတ္တဟူ၍ ရှု၏။ သညာကို အတ္တ ဟူ၍ ရှု၏။ သင်္ခါရတို့ကို အတ္တဟူ၍ ရှု၏။ ဝိညာဏ်ကို အတ္တဟူ၍ ရှု၏၊ ဝိညာဏ်ရှိသော အတ္တဟုလည်း ကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏။ ထိုပုထုဇဉ်သည် ရုပ်ကိုသာ ရစ်ပတ်၍ ပြေးရ၏၊ လှည့်လည်ရ၏ဝေဒနာကိုသာ။ပ။ သညာကိုသာ။ သင်္ခါရတို့ကိုသာ။ ဝိညာဏ်ကိုသာ ရစ်ပတ်၍ ပြေးရ၏၊ လှည့်လည်ရ၏။ ထိုပုထုဇဉ်သည် ရုပ်ကိုသာ ရစ်ပတ်၍ ပြေးလျက် လှည့် လည်လျက်၊ ဝေဒနာကို။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ရစ်ပတ်၍ ပြေးလျက် လှည့်လည်လျက် ရုပ်မှ မလွတ်နိုင်၊ ဝေဒနာမှမလွတ်နိုင်၊ သညာမှ မလွတ်နိုင်၊ သင်္ခါရတို့မှ မလွတ်နိုင်၊ ဝိညာဏ်မှ မလွတ် နိုင်၊ ပဋိသန္ဓေနေမှု အိုမှုသေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့မှ မလွတ်နိုင်၊ ဆင်းရဲအပေါင်းမှ မလွတ်နိုင်ဟု ငါ ဆို၏။
ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတို့ကို ဖူးမြင်ဖူးသော။ပ။ သူတော်ကောင်းတရား၌ ယဉ်ကျေးသော အရိယာတပည့်သည် ရုပ်ကို အတ္တဟူ၍ မရှု။ပ။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တ္တဟူ၍ မရှု။ ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း၊ ဝိညာဏ်၌ အတ္တဟုလည်းကောင်း မရှု။ ထိုအရိယာတပည့်သည် ရုပ်ကို လှည့်ပတ်၍ မပြေးရ၊ မလှည့်လည်ရ။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို လှည့်ပတ်၍ မပြေးရ၊ မလှည့်လည်ရ။ ထိုအရိယာဖြစ်သော တပည့်သည် ရုပ်ကို လှည့်ပတ် မပြေးမူ၍ မလှည့်လည်မူ၍ ။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို လှည့်ပတ် မပြေးမူ၍ ရုပ်မှ လွတ်၏၊ ဝေဒနာမှ လွတ်၏၊ သညာမှ လွတ်၏၊ သင်္ခါရတို့မှ လွတ်၏၊ ဝိညာဏ်မှ လွတ်၏၊ ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့မှ လွတ်၏၊ ဆင်းရဲအပေါင်းမှ လွတ်၏ဟူ၍ ငါ ဆို၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။