သံယုတ္တနိကာယ်—၂၃

၂—ဒုတိယဝဂ်

၁—မာရသုတ်

၁၇ဝ။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—အသျှင်ဘုရား “သေခြင်း သေခြင်း”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရားအဘယ်သည် သေခြင်းပါနည်းဟု (လျှောက်၏)။ ရာဓ ရုပ်သည် သေခြင်းတရားတည်း၊ ဝေဒနာသည်သေခြင်းတရား တည်း၊ သညာသည် သေခြင်းတရားတည်း၊ သင်္ခါရတို့သည် သေခြင်းတရားတို့တည်း၊ ဝိညာဏ်သည် သေခြင်းတရားတည်း။ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည်ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာ မှ) လွတ်မြောက်သော် “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။