သံယုတ္တနိကာယ်—၂၃
၂—ဒုတိယဝဂ်
၂—မာရဓမ္မသုတ်
၁၇၁။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအားအသျှင်ဘုရား “သေခြင်းသဘော သေခြင်းသဘော”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်သည်သေခြင်း သဘောပါနည်းဟု ဤစကားကို လျှောက်၏။ ရာဓ ရုပ်သည် သေခြင်းသဘောတည်း၊ ဝေဒနာသည် သေခြင်းသဘောတည်း၊ သညာသည် သေခြင်းသဘောတည်း၊ သင်္ခါရတို့သည်သေခြင်းသဘောတို့တည်း၊ ဝိညာဏ်သည် သေခြင်းသဘောတည်း။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိ တော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။