သံယုတ္တနိကာယ်—၂၄
၁—သောတာပတ္တိဝဂ်
၇—ဟေတုသုတ်
၂၁၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ ဤသို့သော အယူသည် ဖြစ်သနည်း။
“သတ္တဝါတို့ ညစ်ညူးရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်း မရှိအထောက်အပံ့ မရှိဘဲ သတ္တဝါတို့သည် ညစ်ညူးကုန်၏၊ သတ္တဝါတို့ စင်ကြယ်ရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်း မရှိ အထောက်အပံ့ မရှိဘဲ သတ္တဝါတို့သည် စင်ကြယ်ကုန်၏၊ [မိမိပြုလုပ်မှုသည်မရှိ၊ သူတစ်ပါးကို ပြုလုပ်ပေးမှုသည် မရှိ၊ ယောကျာ်းတို့ ပြုလုပ်မှုသည် မရှိ]၁ ခွန်အားသည် မရှိ၊ လုံ့လသည် မရှိ၊ ယောကျာ်းတို့ ခွန်အားသည် မရှိ၊ ယောကျာ်းတို့ အားထုတ်မှုသည် မရှိ၊ အလုံးစုံသော သတ္တဝါ၊ အလုံးစုံသော သက်ရှိသတ္တဝါ၊ အလုံးစုံသော ထင်ရှားဖြစ်သော သတ္တဝါ၊ အလုံးစုံသော သက်ရှိအရာတို့သည် အစွမ်း မရှိကုန်၊ ခွန်အား မရှိကုန်၊ လုံ့လ မရှိကုန်၊ ဖြစ်မြဲအတိုင်း ဆုံဆည်းသည့်အတိုင်း သဘာဝအတိုင်း အမျိုးမျိုး ဖြစ်ကုန်၍ ဇာတ်အထူး ခြောက်မျိုးတို့၌ သာလျှင် ချမ်းသာဆင်းရဲကို ခံစားကုန်၏ “ဟူသော အယူဖြစ်သနည်း။
မြတ်စွာဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာလျှင် အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “အကြောင်း မရှိ၊ အထောက်အပံ့မရှိ။ပ။ ချမ်းသာဆင်းရဲကို ခံစားရကုန်၏ “ဟု ဤသို့သော အယူသည် ဖြစ်၏။ ဝေဒနာရှိလျှင်။ပ။ သညာရှိလျှင်။ပ။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ “အကြောင်း မရှိ၊ အထောက်အပံ့ မရှိ။ပ။ ချမ်းသာဆင်းရဲကို ခံစားရကုန်၏ “ဟု ဤသို့သော အယူသည်ဖြစ်၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို အစွဲ မပြုခဲ့မူ “အကြောင်း မရှိ၊ အထောက်အပံ့လည်း မရှိ။ပ။ ချမ်းသာဆင်းရဲကို ခံစားရကုန်၏”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဝိညာဏ်ကို အစွဲ မပြုခဲ့မူ “အကြောင်း မရှိ၊ အထောက်အပံ့ မရှိ။ပ။ ချမ်းသာဆင်းရဲကို ခံစားရကုန်၏”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါအသျှင်ဘုရား။
မြင်အပ်သော အရာ၊ ကြားအပ်သော အရာ၊ တွေ့အပ်သော အရာ၊ ရောက်အပ်သောအ ရာ၊ ရှာအပ်သော အရာ၊ စိတ်ဖြင့် တွေးဆအပ်သော အရာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဤတရားကို အစွဲ မပြုခဲ့မူ “အကြောင်း မရှိ၊ အထောက်အပံ့ မရှိ။ပ။ ချမ်းသာဆင်းရဲကိုခံစားရကုန်၏”ဟု ဤသို့သော အယူသည် ဖြစ်နိုင်ရာသလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။
ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤဆိုအပ်ခဲ့ပြီးသော အရာတို့၌ ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏၊ (ထိုအခါ) ထိုအရိယာတပည့်သည် ဆင်းရဲခြင်း၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ပ။
ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ ရဟန်းတို့ ဤအရိယာတပည့်ကို အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။
၁။ ဤသံယုတ်ပါဠိတော်၌ ကွင်းအတွင်း [ ] စကားရပ် မပါ၊ သီလက္ခန္ဓဝဂ္ဂပါဠိ သာမညဖလသုတ်၌ အပြည့်အစုံ ပါရှိသည်။