သံယုတ္တနိကာယ်—၃၂
၃—၁၂—သီတဝလာဟကဒါနူပကာရ ဆယ်သုတ်
၅၅၂—၅၆၁။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရား အား”အသျှင်ဘုရား ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ အအေးကိုပြုတတ်သော ဝလာဟကနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု ဤစကားကို လျှောက်၏။
ရဟန်း ဤလောက၌ အချို့သော သူသည်ကိုယ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့်ကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏။ ထိုသူသည် “အအေးကိုပြု တတ်သော ဝလာဟကနတ်တို့သည် အသက်ရှည်ကြ၏၊ အဆင်းလှကြ၏၊ ချမ်းသာများကြ၏”ဟုကြားအပ် ဖူး၏၊ ထိုသူအား “ငါသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ အအေးကိုပြုတတ်သော ဝလာဟကနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရမူ ကောင်းလေစွ”ဟု ဤသို့ အကြံဖြစ်၏၊ ထိုသူသည် ထမင်းကို ပေးလှူ၏။ပ။ ဆီမီးကို ပေးလှူ၏။ ထိုသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ အအေးကို ပြုတတ်သော ဝလာဟကနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏။
ရဟန်း ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ အအေးကိုပြုတတ်သော ဝလာဟကနတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။