သံယုတ္တနိကာယ်—၃၂
၅၆—ဝါတဝလာဟကသုတ်
၆ဝ၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရားအား”အသျှင်ဘုရား တစ်ရံတစ်ခါ လေတိုက်ခတ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ်ပါနည်း “ဟု ဤစကားကို လျှောက်၏။
ရဟန်း လေတိုက်ခတ်ခြင်းကို ပြုတတ်သော ဝလာဟကနတ်တို့ဟူ၍ ရှိကုန်၏၊ အကြင်အခါ၌ ထိုနတ်တို့အား “ငါတို့သည်ကိုယ်ပိုင်မွေ့လျော်မှုဖြင့် နေကြရမူ ကောင်းလေစွ”ဟု ဤသို့ အကြံဖြစ်ပေါ်လာ၏။ ထိုအခါ ထိုနတ်တို့၏ စိတ်တောင့်တမှုကို အကြောင်းပြု၍ လေတိုက်ခတ်၏။
ရဟန်း တစ်ရံတစ်ခါ လေတိုက်ခတ်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင် တည်းဟု (မိန့်တော်မူ၏)။
ဆပ္ပညာသမသုတ်။