သံယုတ္တနိကာယ်—၃၃
၃—သညာအညာဏသုတ်
၆ဝ၉။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရား အား ဤစကားကို လျှောက်၏— “အသျှင်ဂေါတမ ‘လောကသည် မြဲ၏ ‘ ဟူ၍လည်းကောင်း၊ ‘လောကသည်မမြဲ’ ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် ‘ဟူ၍လည်းကောင်း လောက၌ ဤအမျိုးမျိုးကုန်သော အယူတို့ ဖြစ်ပေါ်ရခြင်း၏အကြောင်း ကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု (လျှောက်၏)။
ဝစ္ဆ မှတ်သားမှု’သညာ’ ၌ မသိခြင်းကြောင့်, မှတ်သားမှု’သညာ’ ဖြစ်ကြောင်း၌ မသိခြင်းကြောင့်,မှတ်သားမှု ‘သညာ’ ချုပ်ရာ၌ မသိခြင်းကြောင့်, မှတ်သားမှု ‘သညာ’ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း့အကျင့်၌ မသိခြင်းကြောင့် ‘လောကသည် မြဲ၏ ‘ဟူ၍လည်းကောင်း၊ ‘လောကသည်မမြဲ’ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်’ ဟူ၍လည်း ကောင်း လောက၌ ဤသို့ အားဖြင့် ဤအမျိုးမျိုးကုန်သော အယူတို့ ဖြစ်ပေါ်ကုန်၏။
ဝစ္ဆ ‘လောကသည် မြဲ၏ ‘ ဟူ၍လည်းကောင်း၊ ‘လောကသည် မမြဲ’ ဟူ၍လည်းကောင်း။ပ။ ‘သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်’ ဟူ၍လည်းကောင်းလောက၌ ဤအမျိုးမျိုးကုန်သော အယူတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက် အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
တတိယသုတ်။