သံယုတ္တနိကာယ်—၃၅

(၁ဝ) ၅—သဠဝဂ်

၈—ပဌမ န တုမှာကသုတ်

၁ဝ၁။ ရဟန်းတို့ သင်တို့၏ ဥစ္စာ မဟုတ်သော တရားကို ပယ်ကြကုန်လော့၊ ထိုတရားကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

ရဟန်းတို့ အဘယ်တရားသည် သင်တို့၏ ဥစ္စာ မဟုတ်သနည်း။ ရဟန်းတို့ မျက်စိသည် သင်တို့၏ဥစ္စာ မဟုတ်၊ ထိုမျက်စိကို ပယ်ကြကုန်လော့၊ ထိုမျက်စိကို ပယ်သည်ရှိသော် သင်တို့အား စီးပွါး ခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ အဆင်းတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ ထိုအဆင်းတို့ကို ပယ်ကြကုန်လော့၊ ထိုအဆင်းတို့ကို ပယ်ကြကုန်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့။ စက္ခုဝိညာဏ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုစက္ခုဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုစက္ခုဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ စက္ခုသမ္ဖဿသည်သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုစက္ခုသမ္ဖဿကို ပယ်ကြကုန်လော့၊ ထိုစက္ခုသမ္ဖဿကို ပယ်သည်ရှိသော်သင် တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဝေဒနာကိုပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။

လျှာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုလျှာကို ပယ်ကြကုန်လော့၊ ထိုလျှာကို ပယ်သည်ရှိသော်သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ အရသာတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ ထိုအရသာတို့ကို ပယ်ကြကုန်လော့၊ ထိုအရသာတို့ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ဇိဝှါဝိညာဏ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဇိဝှါဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုဇိဝှါဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ဇိဝှါသမ္ဖဿသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဇိဝှါသမ္ဖဿကို ပယ်ကြကုန်လော့၊ ထိုဇိဝှါသမ္ဖဿကို ပယ်သည့်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။

စိတ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုစိတ်ကို ပယ်ကြကုန်လော့၊ ထိုစိတ်ကို ပယ်သည်ရှိသော်သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ သဘောတရားတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ ထိုသဘောတရားတို့ကို ပယ်ကြကုန်လော့၊ ထိုသဘောတရားတို့ကို ပယ်သည်ရှိသော် သင်တို့အားစီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ မနောဝိညာဏ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုမနောဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုမနောဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါဖြစ်လတ္တံ့။ မနောသမ္ဖဿသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုမနောသမ္ဖဿကို ပယ်ကြကုန်လော့၊ ထိုမနောသမ္ဖဿကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

ရဟန်းတို့ ဥပမာသော်ကား ဤဇေတဝန်ကျောင်းတိုက်၌ အကြင်မြက် ထင်း သစ်ခက် သစ်ရွက်သည် ရှိ၏၊ ထို မြက် ထင်း သစ်ခက် သစ်ရွက်ကို လူအပေါင်းသည် ယူသွားသော်လည်းကောင်း၊ မီးရှို့သော်လည်းကောင်း၊ အလိုရှိတိုင်း ပြုသော်လည်းကောင်း “ငါတို့ကို လူအပေါင်းသည် ယူသွား၏ဟူ၍ သော်လည်းကောင်း၊ မီးရှို့၏ဟူ၍ သော်လည်းကောင်း၊ အလိုရှိတိုင်း ပြု၏ဟူ၍လည်းကောင်း” သင်တို့အား ဤသို့စိတ်အကြံ ဖြစ်ရာသလော။ မဖြစ်ရာပါ အသျှင်ဘုရား။ ထိုမဖြစ်မှုသည် အဘယ်ကြောင့်နည်း၊ အသျှင်ဘုရား ဤ (မြက်စသော) အရာသည် တပည့်တော်တို့၏ကိုယ်သော်လည်းကောင်း၊ကိုယ်ပိုင်ဥစ္စာသော်လည်းကောင်း မဟုတ်သောကြောင့်တည်း။

ရဟန်းတို့ ဤအတူ မျက်စိသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုမျက်စိကို ပယ်ကြကုန်လော့၊ ထိုမျက်စိကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ အဆင်းတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ စက္ခုဝိညာဏ်သည်။ပ။ စက္ခုသမ္ဖဿသည်။ပ။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။