သံယုတ္တနိကာယ်—၃၅
(၁ဝ) ၅—သဠဝဂ်
၁ဝ—ဥဒကသုတ်
၁ဝ၃။ ရဟန်းတို့ ရာမ၏သား ဥဒကသည် “ငါသည် ပညာရှိအစစ်တည်း၊ အလုံးစုံသော ဝဋ် ဆင်းရဲကိုစင်စစ် အောင်ပြီးသူတည်း၊ မတူးအပ်သေးသော ဆင်းရဲအမြစ်ကို စင်စစ် တူးပြီးသူတည်း”ဟု ဤသို့သောစကားကို ပြောဆို၏။ ရဟန်းတို့ ရာမ၏သား ဥဒကသည် ပညာရှိ မဟုတ်သူသာ ဖြစ်လျက်”ငါပညာရှိ”ဟု ပြောဆို၏၊ အလုံးစုံသော ဝဋ်ဆင်းရဲကို မအောင်သေးသူသာ ဖြစ်လျက် “အောင်ပြီးသူ”ဟုပြောဆို၏၊ ဆင်းရဲအမြစ်ကို စင်စစ် မတူးအပ်သေးပါဘဲလျက် “ငါသည် ဆင်းရဲအမြစ်ကို တူးပြီးသူ”ဟုပြောဆို၏။ ရဟန်းတို့ စင်စစ်သော်ကား ဤသာသနာတော်၌ ရှိသော ရဟန်းကသာလျှင် “ငါသည် ပညာရှိအစစ်တည်း၊ အလုံးစုံသော ဝဋ်ဆင်းရဲကို စင်စစ် အောင်ပြီးသူတည်း၊ မတူးအပ်သေးသော ဆင်းရဲအမြစ်ကို စင်စစ် တူးပြီးသူတည်း”ဟူသော ထိုစကားကို ပြောဆိုလိုသော် ကောင်းစွာ ပြောဆိုနိုင်ရာ၏။
ရဟန်းတို့ အဘယ်သို့လျှင် ပညာရှိဖြစ်သနည်း။ ရဟန်းတို့ ရဟန်းသည် တွေ့ထိမှုတည်ရာခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် ပညာရှိ ဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် အလုံးစုံသော ဝဋ်ဆင်းရဲကို အောင်ပြီးသူ ဖြစ်သနည်း။ ရဟန်းတို့ရဟန်းသည် တွေ့ထိမှုတည်ရာ ခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာသိသောကြောင့် အဘယ်အရာကိုမျှ မစွဲလမ်းတော့ဘဲ ကိလေသာမှ လွတ်မြောက်၏။ ရဟန်းတို့ ဤသို့လျှင် အလုံးစုံသော ဝဋ်ဆင်းရဲကို အောင်ပြီးသူ ဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မတူးအပ်သေးသော ဆင်းရဲအမြစ်ကို တူးပြီးသူ ဖြစ် သနည်း။ ရဟန်းတို့ “ဝဋ်ဆင်းရဲ” ဟူသော ဤအမည်ကား မဟာဘုတ်လေးပါးကို မှီ၍ ဖြစ်သော မိဘတို့သုက်သွေးကို မှီ၍ ဖြစ်သော ထမင်း မုယောမုံ့တို့ကြောင့် ကြီးပွါးရသော မမြဲခြင်း လိမ်းကျံရခြင်း ဆုပ်နယ်ရခြင်း ပြိုကွဲခြင်း ပျက်စီးခြင်းသဘောရှိသော ဤခန္ဓာကိုယ်၏ အမည်တည်း။ ရဟန်းတို့ “ဆင်းရဲအမြစ်”ဟူသော ဤအမည်ကား တပ်မက်မှု ‘တဏှာ’၏ အမည်တည်း။ ရဟန်းတို့ ရဟန်းအား တပ်မက်မှု’တဏှာ’ကို ပယ်ပြီး ဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ပြုပြီး ဖြစ်၏၊ နောင်တစ်ဖန် မဖြစ်ပေါ်အောင် ပြုပြီး ဖြစ်၏၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိတော့ချေ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မတူးအပ်သေးသော ဆင်းရဲအမြစ်ကို တူးပြီးသူ ဖြစ်၏။
ရဟန်းတို့ ရာမ၏သား ဥဒကသည် “ငါသည် ပညာရှိအစစ်တည်း၊ အလုံးစုံသော ဝဋ်ဆင်းရဲကိုအောင်ပြီးသူတည်း၊ မတူးအပ်သေးသော ဆင်းရဲအမြစ်ကို စင်စစ် တူးပြီးသူတည်း “ဟု ဤသို့သောစကားကို ပြောဆို၏။ ရဟန်းတို့ ရာမ၏သား ဥဒကသည် ပညာရှိ မဟုတ်သူသာ ဖြစ်လျက် “ငါပညာရှိ”ဟု ပြောဆို၏၊ အလုံးစုံသော ဝဋ်ဆင်းရဲကို အောင်ပြီးသူ မဟုတ်ပါဘဲလျက် “အောင်ပြီးသူ”ဟု့ပြောဆို၏၊ ဆင်းရဲအမြစ်ကို စင်စစ် မတူးအပ်သေးပါဘဲလျက် “ငါသည် ဆင်းရဲအမြစ်ကို စင်စစ်တူးပြီးသူ”ဟု ပြော ဆို၏။ ရဟန်းတို့ စင်စစ်သော်ကား ဤသာသနာတော်၌ ရှိသော ရဟန်းကသာလျှင်”ငါသည် ပညာရှိ အစစ်တည်း၊ အလုံးစုံသော ဝဋ်ဆင်းရဲကို အောင်ပြီးသူတည်း၊ မတူးအပ်သေးသောဆင်းရဲအမြစ်ကို စင်စစ် တူးပြီးသူတည်း”ဟူသော ထိုစကားကို ပြောဆိုလိုသော် ကောင်းစွာပြောဆိုနိုင်ရာ၏ဟု (မိန့်တော် မူ၏)။
ဒသမသုတ်။
ငါးခုမြောက် သဠဝဂ် ပြီး၏။