သံယုတ္တနိကာယ်—၃၅
(၁၂) ၂—လောကကာမဂုဏဝဂ်
၅—သက္ကပဥှသုတ်
၁၁၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့သည်မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟုမေးလျှောက်၏။
နတ်တို့အရှင် သိကြားမင်း အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုအဆင်းကို အလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏၊ နတ်တို့အရှင် သိကြားမင်းစွဲလမ်းမှုရှိသော ရဟန်းသည် ကိလေသာမှ မငြိမ်းအေးနိုင်။ပ။
နတ်တို့အရှင် သိကြားမင်း ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ နတ်တို့အရှင် သိကြားမင်း အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သောသဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုသဘောတရားကို အလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏၊ နတ်တို့အရှင်သိကြားမင်း စွဲလမ်းမှုရှိသော ရဟန်းသည် ကိလေသာမှ မငြိမ်းအေးနိုင်။
နတ်တို့အရှင် သိကြားမင်း ဤလောက၌ အချို့သော သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ ကိလေသာမှမငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။
နတ်တို့အရှင် သိကြားမင်း အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထိုအဆင်းကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် မဖြစ်၊ နတ်တို့အရှင်သိကြားမင်း စွဲလမ်းမှု မရှိသော ရဟန်းသည် ကိလေသာမှ ငြိမ်းအေးနိုင်၏။ပ။
နတ်တို့အရှင် သိကြားမင်း ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ နတ်တို့အရှင် သိကြားမင်း အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သောသဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူလွှမ်းမိုး၍ မတည်ခဲ့မူ ထိုသဘောတရားကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် မဖြစ်၊ နတ်တို့အရှင် သိကြားမင်း စွဲလမ်းမှု မရှိသော ရဟန်းသည် ကိလေသာမှ ငြိမ်းအေးနိုင်၏။
နတ်တို့အရှင် သိကြားမင်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ကိလေသာမှ ငြိမ်းအေးနိုင် သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။