သံယုတ္တနိကာယ်—၃၅

(၁၂) ၂—လောကကာမဂုဏဝဂ်

၄—ကာမဂုဏသုတ်

၁၁၇။ ရဟန်းတို့ ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားလောင်းဖြစ်စဉ် ငါ့အား ဤသို့အကြံ ဖြစ်၏— “ငါ၏ စိတ်ဖြင့် ကောင်းစွာ တွေ့ထိဖူးကုန် လွန်ပြီးကုန် ချုပ်ပြီးကုန် ဖောက်ပြန်ပြီးဖြစ်ကုန်သော အကြင်ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ အကြိမ်များစွာ အတိတ်ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း၊ ပစ္စုပ္ပန်ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း၊ အကြိမ်အနည်းငယ်သာ အနာဂတ်ကာမဂုဏ်တို့၌လည်းကောင်း ငါ၏ စိတ်သည် သွားရောက်လိုသော် သွားရောက်ရာ၏”။ ရဟန်းတို့ ထိုငါ့အား ဤသို့ အကြံ ဖြစ်၏— “ငါ၏ စိတ်ဖြင့် ကောင်းစွာ တွေ့ထိဖူးကုန် လွန်ပြီးကုန် ချုပ်ပြီးကုန်ဖောက်ပြန်ပြီးဖြစ် ကုန်သော အကြင်ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ထိုကာမဂုဏ်တို့၌ ငါသည်ကိုယ်ကျိုးကိုယ်စီးပွားကို လိုလားသော သဘောဖြင့် မမေ့လျော့မှု သတိထားမှုဟူသော စိတ်၏အစောင့်အရှောက်ကို ပြုအပ်၏ “ဟု အကြံ ဖြစ်၏။

ရဟန်းတို့ ထို့ကြောင့် သင်တို့အားလည်း စိတ်ဖြင့် တွေ့ထိဖူးကုန် လွန်ပြီးကုန် ချုပ်ပြီးကုန်ဖောက်ပြန်ပြီးဖြစ်ကုန်သော အကြင်ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ အကြိမ်များစွာ ထိုအတိတ်ကာမဂုဏ်တို့၌လည်းကောင်း၊ ပစ္စုပ္ပန်ကာမဂုဏ်တို့၌လည်းကောင်း၊ အကြိမ်အနည်းငယ် အနာဂတ်ကာမဂုဏ်တို့၌လည်းကောင်း သင်တို့၏ စိတ်သည် သွားရောက်လိုသော် သွားရောက်ရာ၏။ ရဟန်းတို့ ထို့ကြောင့်သင်တို့သည်လည်း စိတ်ဖြင့် ထွေ့ထိဖူးကုန် လွန်ပြီးကုန် ချုပ်ပြီးကုန် ဖောက်ပြန်ပြီးဖြစ်ကုန်သော အကြင်ကာမဂုဏ်ငါးပါးတို့သည် ရှိကုန်၏၊ ထိုကာမဂုဏ်ငါးပါးတို့၌ သင်တို့သည်ကိုယ်ကျိုးကိုယ်စီးပွားကို လိုလားသော သဘောတို့ဖြင့် မမေ့လျော့မှု သတိထားမှုဟူသော စိတ်၏ အစောင့်အရှောက်ကို ပြုရမည်။

ရဟန်းတို့ ထို့ကြောင့် ထိုအကြောင်းကို သိအပ်၏။ ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်း့ချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ လျှာသည်လည်း ချုပ်၏၊ အရသာ၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏ဟု ဤစကားကို မိန့်တော်မူပြီးလျှင်မြတ်စွာဘုရားသည် နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူလေ၏။

ထို့နောက် မြတ်စွာဘုရား ကြွသွား၍ မကြာမြင့်မီ ထိုရဟန်းတို့အား ဤသို့ အကြံဖြစ်၏— “ငါ့သျှင်တို့ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ လျှာသည်လည်း ချုပ်၏၊ အရသာ၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏၊ ထိုသို့ ဖြစ်သောကြောင့် ထိုအကြောင်းကို သိအပ်၏ ‘ဟု ဤအကျဉ်းအား ဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီးလျှင် အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့်ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူ၏။ မြတ်စွာဘုရားသည်အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် မဝေ ဖန်ဘဲ အကျဉ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အဘယ်သူသည် ဝေဖန်နိုင်ရာသနည်း”ဟု အကြံ ဖြစ်၏။

ထို့နောက် ထိုရဟန်းတို့အား ဤသို့ အကြံ ဖြစ်ပြန်၏—“ ဤအသျှင်အာနန္ဒာကို မြတ်စွာဘုရားသည်လည်း ချီးမွမ်းအပ်၏၊ ပညာရှိသီတင်းသုံးဖော်တို့သည်လည်း မြှောက်စားအပ်၏၊ အသျှင်အာနန္ဒာသည်မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဉ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်၏၊ ငါတို့သည်အသျှင်အာနန္ဒာ ထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာအား အနက်အဓိပ္ပါယ်ကို မေးကြရမူကောင်းလေစွ”ဟု အကြံ ဖြစ်ပြန်၏။

ထို့နောက် ထိုရဟန်းတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကြပြီးလျှင် အသျှင်အာနန္ဒာနှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော်အသျှင်အာနန္ဒာအား ဤစကားကို ဆိုကုန်၏—

ငါ့သျှင်အာနန္ဒာ ငါတို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်းချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ လျှာသည်လည်း ချုပ်၏၊ အရသာ၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏၊ ထိုသို့ဖြစ်သောကြောင့်ထိုအကြောင်းကို သိအပ်၏”ဟု ဤ အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီးလျှင်အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော် မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ဝင်တော်မူခဲ့ပါ၏။

ငါ့သျှင် ငါတို့အား မြတ်စွာဘုရားကြွသွားတော်မူ၍ မကြာမြင့်မီ ဤသို့ အကြံ ဖြစ်၏— “ငါ့သျှင်တို့ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ လျှာသည်လည်း ချုပ်၏၊ အရသာ၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏၊ ထိုသို့ဖြစ်သောကြောင့် ထိုအကြောင်းကို သိအပ်၏ ‘ ဟူ၍ အကျဉ်းအားဖြင့်ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီး၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာကျောင်းတော်သို့ ဝင်တော်မူ၏။ မြတ်စွာဘုရားသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲအကျဉ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အဘယ်သူသည် ဝေဖန်နိုင်ရာအံ့နည်း”ဟု အကြံ ဖြစ်ပါ၏။

ငါ့သျှင်အာနန္ဒာ ထိုငါတို့အား ဤသို့ အကြံ ဖြစ်ပြန်၏— “ငါ့သျှင်တို့ ဤအသျှင်အာနန္ဒာကို မြတ်စွာဘုရားသည်လည်း ချီးမွမ်းအပ်၏၊ ပညာရှိသီတင်းသုံး ဖော်တို့သည်လည်း မြှောက်စားအပ်၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဉ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကြပြီးလျှင် အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကို မေးကြရမူကောင်းလေစွ”ဟု အကြံ ဖြစ်ပြန်ပါ၏။ အသျှင်အာနန္ဒာသည် ဝေဖန်ဟောပြတော်မူပါဟု ဤစကားကိုဆိုကြ ကုန်၏။

ငါ့သျှင်တို့ ယောကျာ်းသည် အနှစ်ကို အလိုရှိသည်ဖြစ်၍ အနှစ်ကို ရှာလေ့ရှိသည်ဖြစ်၍ အနှစ်ရှာရန်သွားသည်ရှိသော် အနှစ်ရှိသည်ဖြစ်၍ တည်သော သစ်ပင်ကြီး၏ အမြစ်ကို ကျော်လွန်၍ သာလျှင်ပင်စည်ကို ကျော်လွန်၍ သာလျှင် အခက်အရွက်၌ အနှစ်ကို ရှာသင့်၏ဟု ထင်သကဲ့သို့ ဤအတူ။ပ။ အသျှင်အာနန္ဒာသည် ဝန်မလေးမူ၍ ဝေဖန်ဟောပြတော်မူပါလော့ဟု လျှောက်ကုန်၏။ ငါ့သျှင်တို့သို့ဖြစ်လျှင် နားထောင် ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပြအံ့ဟု (မိန့်ဆို၏)။

“ငါ့သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ကြကုန်၏၊ အသျှင်အာနန္ဒာသည် ဤစကားကို မိန့်ဆို၏—

“ငါ့သျှင်တို့ သင်တို့အား မြတ်စွာဘုရားသည် အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကိုသိအပ်၏။ ထိုသို့ဖြစ်သောကြောင့် ထိုအကြောင်းကို သိအပ်၏”ဟု အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီး၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ဝင်တော်မူ၏။ ငါ့သျှင်တို့ မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော် မမူဘဲအကျဉ်း အားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အကျွုန်ုပ်သိပါ၏။

ငါ့သျှင်တို့ မြတ်စွာဘုရားသည် တည်ရာအကြောင်း ခြောက်ပါး ‘သဠာယတန’ တို့ ချုပ်ရာ နိဗ္ဗာန်ကိုရည်ရွယ်တော်မူ၍ ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု’သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘော တရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကိုသိအပ်၏။ ထိုသို့ဖြစ်သောကြောင့် ထို အကြောင်းကို သိအပ်၏ဟူသော ဤစကားကို ဟောတော်မူအပ်၏။

ငါ့သျှင်တို့ သင်တို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင် အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထို အကြောင်းကိုသိအပ်၏။ ထိုသို့ဖြစ်သောကြောင့် ထိုအကြောင်းကို သိအပ်၏ “ဟု အကျဉ်းအားဖြင့် ညွှန်ပြ ချက်ကိုညွှန်ပြတော်မူပြီးလျှင် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော် မမူဘဲ နေရာမှ ထကာကျောင်းတော်သို့ ဝင်တော်မူ၏၊ ငါ့သျှင်တို့ မြတ်စွာဘုရား အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီး၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို ဤသို့အကျယ်အားဖြင့် အကျွုန်ုပ် သိပါ၏။ အသျှင်တို့သည် အလိုရှိကြပါမူ မြတ်စွာဘုရားထံသို့သာ ချဉ်းကပ်ကြပြီးလျှင် ဤအနက်အဓိပ္ပါယ်ကို မေးလျှောက်ကြပါကုန်၊ သင်တို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်အဓိပ္ပါယ်ကို မှတ်သားကြပါကုန်ဟု အသျှင်အာနန္ဒာသည် မိန့်ဆို၏။

“ငါ့သျှင်အာနန္ဒာ ကောင်းပါပြီ “ဟု ထိုရဟန်းတို့သည် အရှင်အာနန္ဒာအား ပြန်ကြားလျှောက်ကြပြီး လျှင်နေရာမှ ထကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏— အသျှင်ဘုရားမြတ်စွာ ဘုရားသည် တပည့်တော်တို့အား “ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်း ချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ လျှာသည်လည်း ချုပ်၏၊ အရသာ၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကိုသိအပ်၏။ပ။ အကြင် အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထို အကြောင်းကို သိအပ်၏။ ထိုသို့ဖြစ်သောကြောင့်ထိုအကြောင်းကို သိအပ်၏”ဟု အကျဉ်းအားဖြင့် ညွှန်ပြ ချက်ကို ညွှန်ပြတော်မူပြီးလျှင် အကျယ်အားဖြင့်အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူပါ၏။

အသျှင်ဘုရား တပည့်တော်တို့အား မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီ ဤသို့ အကြံဖြစ်ပါ၏— “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည် ‘ရဟန်းတို့ အကြင်အကြောင်း၌ မျက်စိသည်လည်းချုပ်၏၊ အဆင်း၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ပ။ အကြင်အကြောင်း၌ စိတ်သည်လည်း ချုပ်၏၊ သဘောတရား၌ မှတ်သားမှု ‘သညာ’သည်လည်း ချုပ်၏၊ ထိုအကြောင်းကို သိအပ်၏။ ထိုသို့ဖြစ်သောကြောင့် ထိုအကြောင်းကို သိအပ်၏’ဟု အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီးလျှင် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှထကာကျောင်းတော်သို့ ဝင်တော်မူပါ၏။ မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲအကျဉ်း အားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်ကို အကျယ်အားဖြင့် အဘယ်သူဝေဖန်နိုင်ရာသနည်း”ဟု အကြံ ဖြစ်ပါ၏။

အသျှင်ဘုရား ထိုတပည့်တော်တို့အား ဤသို့ အကြံ ဖြစ်ပါ၏— “ ဤအသျှင်အာနန္ဒာကို မြတ်စွာဘုရားသည်လည်း ချီးမွမ်းအပ်၏၊ ပညာရှိသီတင်းသုံးဖော်တို့သည်လည်း မြှောက်စားအပ်၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဉ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကြပြီးလျှင် အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကို မေးကြရမူကောင်းလေစွ”ဟု အကြံ ဖြစ်ပြန်ပါ၏။

အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကြကုန်၍ အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကို မေးကြပါကုန်၏၊ အသျှင်ဘုရား ထိုတပည့်တော်တို့အား အသျှင်အာနန္ဒာသည် ဤအခြင်းအရာတို့ဖြင့် ဤပုဒ်တို့ဖြင့် ဤသဒ္ဒါတို့ဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်ပြပါ၏ဟု ဤစကားကို လျှောက်ကြကုန်၏။

ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေ၏၊ ရဟန်းတို့ အာနန္ဒာသည် ပညာကြီးပေ၏၊ ရဟန်းတို့သင်တို့သည် ငါဘုရားအား ဤအနက်အဓိပ္ပါယ်ကို မေးကြကုန်မူ ငါဘုရားသည်လည်း အာနန္ဒာ ဖြေကြားသကဲ့သို့ ထိုအနက်အဓိပ္ပါယ်ကို ဖြေဆိုရာ၏၊ ဤသည်ပင် ညွှန်ပြချက်၏ အနက်အဓိပ္ပါယ်တည်း၊ ထိုအနက်အဓိပ္ပါယ်ကို မှတ်ကြကုန်ရာ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။