သံယုတ္တနိကာယ်—၃၅

(၁၃) ၃—ဂဟပတိဝဂ်

၁—ဝေသာလီသုတ်

၁၂၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—့”အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား အဘယ်နည်း”ဟု (လျှောက်၏)။

သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူထိုအဆင်းကို အလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကိုမှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏။ သူကြွယ် စွဲလမ်းမှု ရှိသော ရဟန်းသည်ကိလေသာမှ မငြိမ်းအေးနိုင်။ပ။

သူကြွယ် ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုသဘောတရားကိုအလွန်နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် ဖြစ်၏။ သူကြွယ် စွဲလမ်းမှုရှိသော ရဟန်းသည် ကိလေသာမှမငြိမ်းအေးနိုင်။

သူကြွယ် ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။

သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏၊ ထိုအဆင်းကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူထိုအဆင်းကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကို မှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် မဖြစ်။ သူကြွယ် စွဲလမ်းမှု မရှိသော ရဟန်းသည် ကိလေသာမှ ငြိမ်းအေးနိုင်၏။ပ။

သူကြွယ် ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ သူကြွယ် အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ထိုသဘောတရားကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထိုသဘောတရားကို အလွန် မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား ထိုနှစ်သက်မှုကိုမှီသော ထိုနှစ်သက်မှုဖြင့် စွဲလမ်းသော ဝိညာဏ်သည် မဖြစ်။ သူကြွယ် စွဲလမ်းမှု မရှိသော ရဟန်းသည်ကိလေသာမှ ငြိမ်းအေးနိုင်၏။

သူကြွယ် ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။