သံယုတ္တနိကာယ်—၃၅
(၁၆) ၁—နန္ဒိက္ခယဝဂ်
၃—အဇ္ဈတ္တအနိစ္စနန္ဒိက္ခယသုတ်
၁၅၈။ ရဟန်းတို့ မျက်စိကို အသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ မျက်စိ၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုကုန်လော့၊ ရဟန်းတို့ ရဟန်းသည် မျက်စိကို အသင့်အားဖြင့် နှလုံးသွင်းသော် မျက်စိ၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန်ရှုသော် မျက်စိ၌လည်း ငြီးငွေ့၏၊ နှစ်သက်မှုကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှုကုန် ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။
ရဟန်းတို့ နားကို အသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ ရဟန်းတို့ နှာခေါင်းကို။ လျှာကို အသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ လျှာ၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုကုန်လော့၊ ရဟန်းတို့ ရဟန်းသည် လျှာကို အသင့်အားဖြင့် နှလုံးသွင်းသော် လျှာ၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုသော် လျှာ၌လည်း ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှုကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။
ရဟန်းတို့ကိုယ်ကို။ပ။ စိတ်ကို အသင့်အားဖြင့် နှလုံးသွင်းကုန်လော့၊ စိတ်၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုကုန်လော့၊ ရဟန်းတို့ ရဟန်းသည် စိတ်ကို အသင့်အားဖြင့် နှလုံးသွင်းသော် စိတ်၏ မမြဲခြင်းကိုလည်းဟုတ်တိုင်းမှန်စွာ အဖန်ဖန် ရှုသော် စိတ်၌လည်း ငြီးငွေ့၏၊ နှစ်သက်မှုကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှုကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။