သံယုတ္တနိကာယ်—၃၅

၂—ယမကဝဂ်

၇—ပဌမာဘိနန္ဒသုတ်

၁၉။ ရဟန်းတို့ အကြင်သူသည် မျက်စိကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။ နားကို။ပ။ နှာခေါင်းကို။ပ။ အကြင်သူသည် လျှာကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကိုနှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။ကိုယ်ကို။ပ။ အကြင်သူသည် စိတ်ကို နှစ်သက်၏၊ ထိုသူသည် ဆင်းရဲကို နှစ်သက်၏။ အကြင်သူသည် ဆင်းရဲကို နှစ်သက်၏၊ ထိုသူသည် ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ငါ ဆို၏။

ရဟန်းတို့ အကြင်သူသည်ကား မျက်စိကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည် ဆင်းရဲကို မနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏။ နားကို။ပ။ နှာခေါင်းကို။ပ။ အကြင်သူသည် လျှာကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည်ဆင်းရဲကို မနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏။ကိုယ်ကို။ပ။ အကြင်သူသည် စိတ်ကို မနှစ်သက်၊ ထိုသူသည် ဆင်းရဲကို မနှစ်သက်။ အကြင်သူသည် ဆင်းရဲကိုမနှစ်သက်၊ ထိုသူသည် ဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်၏ဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။